CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅

ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝင်းများအတွင်း ရေဝင်‌‌ရောက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် တွင် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၂ ရက်က စတင်ပြီး ယာယီပိတ်ထားကြောင်း သိရသည်။

သာပေါင်းမြို့နယ်၏ အထက်ပိုင်းနှင့် အရှေ့ဘက်အခြမ်းများရှိ ရွာပေါင်း ၁၀၀ နီးပါးမှာ ရေနစ်မြုပ်နေပြီး စာသင်ကျောင်းများလည်း ပိတ်ထားကြရသည်ဟု ဒေသခံများက ပြောသည်။

ငဝန်မြစ်ရေသည် ငသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်များတွင် စိုးရိမ်ရေမှတ်အထက် တစ်ပေကျော် မြင့်တက် နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

သာပေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းကို တွေ့ရစဥ်

ငဝန်မြစ်ရေ မြင့်တက်ပြီး ရေကြီးမှုကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ပိတ်ထား သည်။

ထို့နောက် ဇူလိုင် ၂၃ ရက်မှာ အခြေခံပညာမူလတန်းကျောင်း(သစ်ဆိမ့်ကုန်း)၊ အခြေခံပညာမူလ တန်းကျောင်း (သရက်ကုန်း)၊ အခြေခံပညာ မူလတန်းကျောင်း(သာယာကုန်း)၊ အခြေခံပညာ မူလတန်းကျောင်းခွဲ(သောင်ရွာ) ကျောင်းတို့ကို ထပ်မံပိတ်ခဲ့ရသည်။

ထို့ကြောင့် သာပေါင်းမြို့နယ်တွင် စုစုပေါင်း ကျောင်း ၂၅ ကျောင်းကို ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ယာယီပိတ်ထားရကြောင်း၊ သို့သော် ကျောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။