CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁

၂၀၂၃ ခုနှစ် မိုးစပါးရာသီအတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို စပါးအမျိုးအစားပေါ် မူတည်၍ တင်း ၁၀၀ လျှင် ငွေကျပ် ၁၃ သိန်းမှ သိန်း ၂၀ အတွင်း ဈေးပေးဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်လာ ရာမှာ မျှတမှုမရှိဘူးဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။

ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဆန်ကြမ်းအမျိုးအစား ဖြစ်သည့် ဧည့်မထစပါး တင်း ၁၀၀ လျှင် ငွေ ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်းသာ ဈေးပေးဝယ်ယူရန်၊ ထိုဈေးနှုန်းထက် ကျော်လွန်ပါက ဖော်ထုတ် အရေးယူ သွားမည်ဟု ပါရှိသည်။

ဆန်စပါးအသင်းချုပ်၏ သတ်မှတ် ဈေးနှုန်းထက် လျှော့ချဝယ်ယူမည်ဆိုပါက အရေးယူမည်ဟု မပါရှိခြင်းနှင့် စပါးတင်း ၁၀၀ နှင့် ပတ်သက်၍ ပေါင်ချိန်သတ်မှတ်မှု မပါရှိခြင်းကြောင့် မျှတမမှုမရှိဘဲ တစ်ဖက်သတ် ဖြစ်နေ သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

စပါးစိုက်ခင်းကိုတွေ့ရစဉ်

၎င်းက “သူတို့သတ်မှတ်ပုံက စပါး တင်း ၁၀၀ ကို ဒါပေမယ့် ၁ တင်းကို ဘယ်နှပေါင်ဆိုတာ မပါဘူး။ တကယ် တော့ နိုင်ငံတကာမှာ အများအသိအမှတ် ပြုထားတာ ၄၆ ပေါင်။ စပါး ၁ တင်း ၄၆ ပေါင်၊ စပါး ၁၀၀ လျှင် အနိမ့် ဆုံးဈေးက ဒီဈေး။ ဒီနှစ်မှာ အမြင့်ဆုံးဈေးကိုပါ သူတို့က ဖမ်းချုပ်လိုက်တယ်။ နောက်ပြီးတော့ စပါး တင်း ၁၀၀ ဆိုတာ ဒီမှာက အရပ်ထဲမှာက ပေါင် ၅၀၊ ၅၅ ပေါင် ဝယ်နေကြတာလေ။ သူတို့က တင်း ၁၀၀ လို့သာ ပြောတာ ပေါင်ချိန်ကျတော့ ထည့်မပြောဘူး။ ဆိုလိုတာက ပေါင်ချိန်လည်း တရားဝင် သတ်မှတ်ချင် သတ်မှတ်ပေါ့။ နောက် တစ်ခုက သူတို့ရဲ့ ကြေညာချက်ထဲမှာ ဘာပါလဲဆိုတော့ အဲဒီ ၁၅ သိန်းဈေးနဲ့ ပိုမိုပြီးတော့ ဝယ်ယူလို့ရှိရင် ဖော် ထုတ် အရေးယူမယ်ပေါ့လေ။ ဒါပေမယ့် ၁၃ သိန်းဈေးအောက် ချဝယ်မယ်ဆိုရင် ဖော်ထုတ်အရေးယူမယ်ဆိုတာ ကျတော့ မပါဘူး။ သူတို့ရဲ့ အဓိက ကြေညာချက်ကတော့ ၁၅ သိန်းနဲ့ ပိုဝယ်မယ်ဆိုလို့ရှိရင် ဖော်ထုတ်အရေးယူ မယ်ဆိုပြီးတော့ အဲဒီလို ပြောထားတော့ ၁၅ သိန်းဈေးထက် ပိုပေးမဝယ်နဲ့လို့ ဆိုလိုတယ်။ နောက်ပြီးတော့ စပါး ၁၀၀ ဆိုတာလည်းပဲ စပါး ၁ တင်းကို ဘယ်နှပေါင်လို့ ထည့်သွင်း ပြောမထားဘူး။ ရရင် ရသလိုပေါင်နဲ့ ဝယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တာပေါ့။ အမှန်တော့ ဒါဟာ ပွင့်ပွင့်လင်းလင်းပြောရင် တစ်ဖက်သက်ဆန်တဲ့ ကြေညာ ချက် မျိုးပါပဲလို့” ဟု ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စပါးအမျိုးအစားအလိုက် တင်း ၁၀၀ အတွက် ဧည့်မထ၊ ငစိန်ကို ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းနှင့် ဧရာပဒေသာစပါးကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း စသဖြင့် ဈေးနှုန်း သတ်မှတ်ထားသည်။ 

စပါးစိုက်တောင်သူများကိုတွေ့ရစဉ်

အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းနှင့် ပတ်သက်ပြီး တောင်သူလယ်သမားများ၊ ကြိတ်ခွဲထုတ်လုပ် ရောင်းဝယ်သူများ အနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ် ရရှိရန်နှင့် စားသုံးသူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေသည့် ဆန်ဈေးနှုန်း ဖြစ်စေရန်အတွက် ရည်ရွယ်၍ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက “အခုက စပါးတွေ ဈေးကြီးပြီးတော့ အလု အယက် ဝယ်ပြီး ဆန်ဈေး၊ စပါးဈေး တက်မှာစိုးလို့ အခြေခံစပါးဈေးကို ခန့်မှန်းခြေလောက် ထုတ်ထားတာပါ။ ဒါမှလည်း ကျနော်တို့က ဘယ်ဈေးတွေနဲ့ အရောင်းအဝယ် လုပ်မယ်ဆိုတာ မှန်းလို့ရမှာ။ အခု သတ်မှတ်တာလည်း ကျနော်တို့က စိုက်စရိတ် ဘယ်လောက်ရှိတယ်။ လယ်သမားအကျိုးအမြတ် ဘယ်လောက် ရနိုင်မလဲဆိုတာ တွက်ပြီးတော့ ဒီဈေးလောက် ဖြစ်သင့်တယ်ဆိုပြီးတော့ ကျနော်တို့က ကြေညာတာပါ။ အဲဒီအတွက် စိုက်တဲ့သူ လည်း အကျိုးရှိမယ်၊ စားတဲ့သူလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ကြေညာတာပါ” ဟု ပြောသည်။

ယခု ထုတ်ပြန်ထားသည့် အခြေခံရည်ညွန်း စပါးဈေးနှုန်းသည် တောင်သူများအတွက် ထိုက်သင့်သည့် အကျိုး အမြတ် ရှိသော်လည်း သတ်မှတ်ဈေးအောက် ဝယ်ယူသူများကို အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် စပါးတင်း ၁၀၀ ပေါ် တွက်ချက်သည့် ပေါင်ချိန် ကွာခြားမှုအလိုက် ဈေးနှုန်းများ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း တောင်သူများက ပြောသည်။