CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးနစ်မြှုပ်မှုကြောင့် ပဲခူးတိုင်း အရှေ့ပိုင်းရှိ လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကာ ထိုပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ရသည့် တောင်သူများကို နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်ပေးသင့်ကြောင်း တောင်သူများနှင့် တောင်သူအရေး ဆောင်ရွက်နေသူများက ပြောသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေတွင် တောင်သူများအတွက် နှစ်ရှည်ချေးငွေများ ဆောင် ရွက်ပေးခြင်း၊ တောင်သူများထုတ်လုပ်သည့် သီးနှံများကို သင့်တင့်မျှတသည့် အမြတ်အစွန်းရရှိအောင် ဆောင်ရွက် ပေးခြင်း၊ လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်သည့် စက်ကိရိယာများကို အချိန်မီရရှိအောင် ဆောင်ရွက်ပေးခြင်း၊ တောင်သူများ လုပ်ငန်းခွင်ဝင်နိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် သဘာဝပေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့်အခါ နိုင်ငံတော်မှ ထောက်ပံ့ပေးရမည် စသည့်အချက် ၅ ချက် ပါရှိကြောင်း သိရသည်။

ထို့ကြောင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေတွင် ပါဝင်သည့် အချက်များအရ လက်ရှိတွင် ပဲခူးတိုင်း အရှေ့ပိုင်းတွင် ကြုံတွေ့ခဲ့ရသည့် စပါးများ ရေကြီးနစ်မြှုပ် သွားခြင်းသည် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်သည့်အတွက် ပျက်စီးသွားသည့် တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ပေးသင့်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်း ဌာနသို့ ပြောသည်။

ပဲခူးရေကြီးမှုကို တွေ့ရစဉ်

၎င်းက “တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမှာ အချက် ၅ ချက်ရှိတယ်။ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်တဲ့ပစ္စည်း သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွားလို့ရှိရင် နိုင်ငံတော်က ထောက်ပံ့ပေးရမယ်ဆိုတဲ့ အချက်ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခု နိုင်ငံတော်ကနေပြီးတော့ အဲဒီနစ်မြှုပ်သွားတဲ့ တောင်သူတွေအတွက် အနည်းဆုံးတော့ ကုန်ကျစရိတ် အကုန်မဟုတ်တောင်မှ စိုက်စရိတ် ချေးငွေအတွက်လောက်ကို တကယ်ကို သဘာဝဘေးအန္တရာယ် ဖြစ်တာဖြစ်တဲ့အတွက် အဲဒါကို အဲဒီချေးငွေကို တကယ်နစ်မြှုပ်သွားတဲ့ လုံးဝပျက်စီးသွားတဲ့ တောင်သူတွေကို တောင်သူက ရှင်းရှင်းပြောရင် တစ်ဧကအတွက် ကုန်ကျစရိတ်က မရိတ်ရသေးရင် မရိတ်ရတဲ့အတွက် ရိတ်ခမပါ တော့ အနည်းဆုံး ၄ သိန်းခွဲ ဝန်းကျင်လောက် ကုန်မှာပဲ။ ကျန်တဲ့ဥစ္စာ အသာထားအုံး လက်ရှိအရ အစိုးရချေးငွေနဲ့ ပတ်သက်လို့ ဒါဟာ ဒီလို သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားတဲ့ ဥစ္စာကို အကြွေးကို ပလှပ် (မယူတော့ဘူး) လိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်းပဲ အဲဒီအကြွေးဆပ်ဖို့ကို ငွေကြေးလောက်တော့ အစိုးရ အနေနဲ့ ထောက်ပံ့ပေးသင့်တာပေါ့” ဟု ပြောသည်။

ရေကြီးနစ်မြှုပ်မှုဒဏ်ကြောင့် စပါးပင်များ အညှောင့်ထွက်ခြင်းနှင့် ပုပ်သိုးပျက်စီးမှုများ ဖြစ်သွားခြင်းကြောင့် ရိတ်သိမ်း၍ မရတော့ကြောင်း သိရသည်။

ထို့နောက် ရင့်မှည့်နေသည့် စပါးခင်းများလည်း ပျက်စီးသွားပြီး အထွက်နှုန်းကျဆင်း၍ အရှုံးပေါ်နိုင်သည့်အတွက် တောင်သူများသည် ယခုနှစ်တွင် ချေးယူထားသော စိုက်ပျိုးစရိတ် ချေးငွေများအား ပြန်ဆပ်နိုင်မည် မဟုတ် ကြောင်း တောင်သူများက ပြောသည်။

ပဲခူးရေကြီးမှုကို တွေ့ရစဉ်

ထို့အပြင် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်နိုင်ရန်နှင့် ထပ်မံ၍ သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး အစိုးရမှ ဆောင်းသီးနှံအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို သတ်မှတ်ထားသည့် အချိန်ထက်စော၍ ထုတ်ချေးပေးစေလို ကြောင်း ပဲခူးတိုင်း အရှေ့ပိုင်းရှိ သနပ်ပင်မြို့နယ်မှ တောင်သူ ဦးညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆောင်းသီးနှံအတွက် ချေးငွေ စောစော ထုတ်ပေးသင့်တာပေါ့။ အရင်တုန်းက ဆောင်းသီးနှံအတွက် တစ် ဧက ၁ သိန်း ထုတ်ချေးပေးတာ ရှိတယ်။ ဒါပေမယ့် ဒီတောင်သူတွေ အတွက်ကျတော့ ဆောင်းသီးနှံအတွက် မျိုးဖိုး၊ ထွန်ယက်ခ ဘာညာ ကုန်ကျစရိတ်က မျိုးဖိုးနဲ့ ထွန်ယက်ခနဲ့တင် ၂ သိန်းလောက် ကုန်တာပါ။ အဲဒါကို ထုတ်ချေး ပေးပြီးတော့ ပထမ မိုးစပါးအတွက် စိုက်ထားတဲ့ အနည်းဆုံး ပျက်စီးသွားတဲ့ လယ်တွေအတွက် အနည်းဆုံး နိုင်ငံတော်အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဧကကို ၂ သိန်း ဝန်းကျင်လောက် ထောက်ပံ့သင့်တယ်။ သီးသန့်လေ၊ ချေးငွေအနေနဲ့ ပေးတာမဟုတ်ဘူး ထောက်ပံ့တဲ့အနေနဲ့ ပေးသင့်တယ်။ နောက်ပြီးတော့ ပဲစိုက်ဖို့အတွက် ချေးငွေ အနေနဲ့ ဦးစားပေးပြီးတော့ ပေးသင့်တယ်” ဟု ပြောသည်။

ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ဧက စာရင်းများကိုသာ စာရင်းကောက်ယူနေမှုများ ရှိသော်လည်း လက်ရှိအချိန်ထိ ကူညီဆောင်ရွက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမျိုး မရှိသေးကြောင်း သိရ သည်။

ရေကြီးမှုကြောင့် ပဲခူးတိုင်း အရှေ့ပိုင်းရှိ  မြို့နယ် ၄ ခုတွင် လယ်ဧက စုစုပေါင်း ၇၇၀၀၀ ကျော် ရေနစ်မြှုပ်ခဲ့ပြီး လယ်ဧက စုစုပေါင်း ၆၈၀၀ ကျော်ဧက ပျက်စီးဆုံးရှုံးသွားကြောင်း ပဲခူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။