CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁

ထိုင်းနိုင်ငံတွင် အမည်စာရင်း (Name List) တင်ထားသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ သားသမီးများ အတွက် စာရွက်စာတမ်း အထောက်အထားများ ရယူရာတွင် အချို့ပြည်နယ်များ၌ အဆင်မပြေပဲ ဖြစ်နေကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအစိုးရမှ အမည်စာရင်း တင်ထားသူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုပေးထားသဖြင့် ၎င်းတို့၏ အသက် ၁၈ နှစ်အောက် သားသမီးများကိုလည်း ထိုသတ်မှတ် ကာလအတိုင်း နေထိုင်ခွင့် ပြုပေးထားခြင်း ဖြစ်သည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဒါပေမယ့် အဲဒါက တကယ့်တကယ် သွားပြီးတော့ လုပ်တဲ့အချိန်မှာ အခက်အခဲတွေက ဖြစ်နေတုန်းပဲ။ အဲဒါကလည်း ပြည်နယ်တွေအပေါ်မှာ မူတည်တယ်။ ကျနော်တို့ ဘက်မှာဆိုရင် အဲဒီ မှီခိုကလေးတွေပေါ့လေ။ အဲဒီကလေးတွေကို လက်ခံဖို့ဆိုရင် အလုပ်ရှင်ရဲ့ ထောက်ခံချက်တို့၊ ပြီးတော့ ရွာ သူကြီးပေါ့ အဲဒါတွေရဲ့ ထောက်ခံချက်တို့ တောင်းတာ။ တကယ့် အပေါ်ကနေပြီးတော့ ထုတ်ပြန်တဲ့အထဲမှာတော့ ဟုတ်တယ်။ မှီခိုခွင့် ရတယ်လို့သာပြောတာ တကယ့်တကယ်မှာ အခက်အခဲတွေ အများကြီးပဲ။ ကျနော်တို့ ပြည်နယ်ဘက်ဆို အဲဒီဟာနဲ့ ပတ်သက်ပြီး‌တော့ ဆိုးတယ်လို့ ပြောလို့ရတယ်။ သူတို့က ဘန်ကောက် နယ်မြေ ၁၀ နယ်မြေမှာ လုပ်လို့ရတယ်တို့၊ လုပ်လို့တကယ်ရတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာဆိုရင် လုပ်လို့မရဘူး။ ပြည်နယ် တွေအပေါ် မူတည်တာပေါ့” ဟု ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများကို တွေ့ရစဉ်

ထိုအထောက်အထားများအား သက်ဆိုင်ရာပြည်နယ်ရှိ ထိုင်းအလုပ်သမားနှင့် အလုပ်အကိုင် ရှာဖွေရေးဌာန အပြင် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ပွဲစားများဖြင့် လုပ်ကိုင်၍ရသော်လည်း အဆင်မပြေမှု များ သဖြင့် အားမပေးကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။

အသက် ၁၈ နှစ်အထက် သားသမီးများဖြစ်ပါက မိဘများ၏ သတ်မှတ်ကာလအတိုင်း နေထိုင်ခွင့်ရရှိပြီး အလုပ် လုပ်ကိုင်လိုပါက အလုပ်လုပ်ကိုင်ခွင့် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ထိုသို့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် တင်ပြလျှောက်ထားရာတွင်လည်း မိဘများ၏ ကုန်ကျစရိတ် အတိုင်းသာ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့အထိ အမည်စာရင်း တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန် ထားသည်။

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများကို တွေ့ရစဉ်

ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက“တစ်ခါတည်း တွဲတင်မှ ရလာတဲ့ သက်သေခံ ကဒ်ပြားပေါ်မှာ ဒါဟာ ဒီမိဘနဲ့ ဒီသားသမီးဆိုတာ မှန်ကန်မှာ‌လေ။ သတင်းအချက်အလက်တွေ အရက မိဘက Name List အထောက်အထားရှိပြီးတော့မှ သားသမီး နေလို့ရတယ် ဒီတိုင်းမဟုတ်ဘူး။ တစ်နေရာ ရာကို သွားလာတဲ့အချိန်မှာ အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ရင် စကားပြောရတာပေါ့။ နောက် မြန်မာ နိုင်ငံက ကလေး‌တော်တော်များများက မြန်မာနိုင်ငံမှာ မွေးတာ ဖြစ်တဲ့အတွက် မွေးစာရင်းမပြနိုင်ရင် ပိုဆိုးတာ ပေါ့။ ဥပမာ ၈ နှစ်ကနေ ၁၂ နှစ်၊ ၁၃ နှစ်အရွယ်ဆိုရင် မိဘတွေ ခေါ်သွားတာမှာ တချို့တွေ လူကုန်ကူး တာလား ဘာလား အဲဒီလို စစ်ဆေးတာတွေ ရှိတယ်လေ။ ဒါကြောင့် Name List စလျှောက်တဲ့ အချိန်မှာ မိဘက အထောက် အထားလုပ်ရင် သားသမီးဖြစ်ကြောင်းဆိုတာကို တစ်ခါတည်း တွဲပြီးတော့မှ မှီခိုအဖြစ်နဲ့ လျှောက်မှသာလျှင် အထောက်အထားရတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အထောက်အထားရှိပါက သား/သမီးများ အနေဖြင့်လည်း ခရီးသွားသည့်အခါ နယ်မြေကန့်သတ်ချက်မရှိ သွားလာနိုင်ပြီး စစ်ဆေးမေးမြန်းခံရမှု မရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ များထံက သိရသည်။

ထိုင်းနိုင်ငံတွင် အမည်စာရင်း (Name List) တင်ထားသည့် ရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၁ သန်းခန့်ရှိပြီး နေထိုင် အလုပ်လုပ်ခွင့်ကို အချိန်အားဖြင့် တစ်နှစ်ကျော်ခန့်သာ ခွင့်ပြုပေးထားခြင်း ဖြစ်သော်လည်း နောက်ပိုင်း တွင် ထပ်တိုးခွင့်ပြုခြင်းများ ပြုလုပ်လာနိုင်ကြောင်း သုံးသပ်မှုများရှိသည်။