CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဆီဗီလာအသင်းကို အရေးနိမ့်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲကနေ ထွက်ခွာ ရပြီးနောက် အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြစ်တင် ဝေဖန် သွားခဲ့ပါ တယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ။ ဆုဖလားတွေ ဆွတ်ခူးဖို့နဲ့ အောင်မြင်မှု ရရှိချင်တယ် ဆိုရင်တော့ စရိုက်လက္ခဏာတွေရှိဖို့ လိုအပ်ပါတယ်။ ဒီပွဲမှာဆိုရင် ဆီဗီလာက နိုင်လိုစိတ် ပိုပြီးရှိခဲ့ပြီး ဒါက ဖြစ်လို့မရသလို လက်ခံနိုင်စရာ မဟုတ်ဘူးလို့လည်း ထင်ပါတယ်။ ဆီဗီလာက ဒီပွဲမှာ ပိုပြီး စိတ်အား ထက်သန်တယ်၊ စိတ်ဆန္ဒပိုပြီး ပြင်းပြတယ်၊ အနိုင်ရဖို့လည်း ပိုပြီး လိုချင်ခဲ့တယ်။ ဒါတွေကြောင့် ပွဲကိုအနိုင်ရဖို့ ခက်ခဲပါတယ်။ ကစားသမားတွေဟာ စွမ်းဆောင်ပြရမှာ ဖြစ်ပေမယ့် သူတို့ဟာ လုံလောက်မှု မရှိသလို ဒီပွဲ အတွက် လည်း အဆင်သင့် မဖြစ်ခဲ့ပါဘူး။ ဒါကို ကျနော်တို့ ပြောင်းလဲလို့ မရတော့ပါဘူး”လို့ ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဆီဗီလာအသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၂ ဂိုးစီ သရေကျခဲ့လို့ နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး- ၂ ဂိုးနဲ့ ဆီဗီလာအသင်းကို အရေးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။

 အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ဒုတိယအကျော့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ဂိုးသမား ဒီဂီယာနဲ့ အသင်းခေါင်းဆောင် မက်ဂွဲယားတို့ရဲ့ အမှား တွေကနေ ဆီဗီလာဘက်ကို သွင်းဂိုး ၂ ဂိုး ပေးခဲ့ရတာပါ။

အဲဒါကြောင့် သူတို့ နှစ်ဦးဟာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံနေရပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ ကစားသမားအားလုံးရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်နေသဘောထားကို စိတ်ပျက်ပြီး ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာတော့ ဒီရှုံးနိမ့် မှုကနေ အမြန်ဆုံး ပြန်လာနိုင်ဖို့ နည်းပြက မျှော်လင့်နေပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို သွားရမှာဖြစ်ပြီး၊ ဒါက နောက်ထပ် အခွင့်အရေးပါ။ ကျနော်တို့ဟာ အရှုံးတွေကနေ ပြန်လာနိုင်တယ်ဆိုတာကို အကြိမ်ပေါင်းများစွာ ပြသပြီးသွားပါပြီ။ ဒါကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပြီးပြီဆိုပေမယ့် ကျနော်တို့ဟာ ဘောလုံးကို ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကောင်း မွန်တဲ့ပွဲကို စတင်ရမှာပါ။ ယူနိုက်တက်လို အသင်းမှာ တောင်းဆိုမှုတွေနဲ့ စံချိန်စံနှုန်းတွေက ပိုပြီးမြင့်မားရမယ်ဆို တာကို လူတိုင်းမြင်တွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ဘရိုက်တန်အသင်းနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး လာမယ့် ကြားရက်မှာတော့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail