CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၆

မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုမှာ ကျင်းပခဲ့တဲ့ ONE Fight Night 10 ပွဲစဉ်အဖြစ် တရုတ်ဖိုက်တာ ဖန်ယောင်းနဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ အနိုင်ရရှိခဲ့လို့ ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရရှိသွားခဲ့ပါတယ်။

အောင်လအန်ဆန်းဟာ ဒီပွဲရဲ့ ၂ ချီမြောက်မှာ သူ့ကို လှဲချပြီး ချုပ်ဖို့ ကြိုးစားခဲ့တဲ့ ဖန်ယောင်းကို သူအားသာတဲ့ ချုပ်ကွက်နဲ့ လည်ပင်းကို ပြန်ချုပ်ခဲ့တာကြောင့် ပြိုင်ဘက်ကစားသမားဟာ အရှုံးပေးသွားခဲ့ရပါတယ်။
ဒီပွဲစဉ်မှာ အနိုင်ရတဲ့ သူဟာ မစ်ဒယ်ဝိတ်ခါးပတ် စိန်ခေါ်လို့ရမှာ ဖြစ်တဲ့အတွက် အောင်လအန်ဆန်းဟာ စိန်ခေါ် ခွင့် ရသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ခါးပတ်စိန်ခေါ်ပွဲကို ထိုးသတ်ချင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အောင်လအန်ဆန်းက “ကျနော့်ကို အားပေးတဲ့ ကျနော့်ရဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပွဲ အတွက် အလွန်ကောင်းမွန်စွာ ပြင်ဆင်ခဲ့ပါတယ်။ အားကစားသမား တစ်ဦးအနေနဲ့ မြန်မာအတွက် ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရတာ အရမ်းဝမ်းသာပါတယ်။ မြန်မာပရိသတ်တွေကို အရမ်းလည်း ကျေးဇူးတင်ပြီး၊ အရမ်းလည်း ချစ်ပါ တယ်။ နောက်တစ်ပွဲမှာတော့ ချန်ပီယံရှစ်ပွဲ ထိုးရမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီပွဲက ကျနော့်ရဲ့ စာချုပ်မှာ နောက်ဆုံးပွဲပါ။ အဲဒါကြောင့် ဘယ်သွားရမလဲဆိုတာတော့ ကျနော်မသိသေးပါဘူး။ ကျနော် ဆက်ပြီး ကြိုးစားသွားမယ်”လို့ Facebook မှာ Live လွှင့်ပြီး ပြောခဲ့တာပါ။

အောင်လအန်ဆန်းကိုတွေ့ရစဉ်

အောင်လအန်ဆန်းဟာ ဒီပွဲမတိုင်ခင် ကတည်းက ဖန်ယောင်းကို ၂ ချီအတွင်း အနိုင်ရအောင် ထိုးမယ်လို့ ပြောထား တဲ့ ကတိအတိုင်း တည်အောင် လုပ်နိုင်ခဲ့ပါတယ်။

ONE Championship ပြိုင်ပွဲရဲ့ ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း အောင်လအန်ဆန်းက သူဟာ ၂၀၂၀ က လက် လွှတ်ခဲ့ရတဲ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ စိတ်အား ထက်သန်နေပါတယ်။
အဲဒါကြောင့် ဒီပွဲအပြီးမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း အောင်လအန်ဆန်းက ပြောထားပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ အောင်လအန်ဆန်းဟာ အခု အပါအဝင် MMA ပွဲပေါင်း ၄၄ ပွဲအထိ ထိုးသတ်ခဲ့တာမှာ ပွဲပေါင်း ၃၀ အနိုင်ရခဲ့ပြီး ၁၃ ပွဲရှုံးကာ ၁ ပွဲကတော့ ရလဒ် မထွက်ပေါ်ခဲ့ပါဘူး။