CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉ 

ယူကရိန်းလက်ဝှေ့သမား အူဆက်ခ်ဟာ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်မယ့်ပွဲကို ဖေဖော်ဝါရီလ ဆော်ဒီနိုင်ငံမှာ ကျင်းပဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

အူဆက်ခ်က “ကျနော်ဟာ ပွဲအတွက်အဆင်သင့်ဖြစ်နေပေမယ့် တိုင်ဆန်ဗျူရီဟာ နောက်ဆုံးထိုးသတ်ထား တဲ့ပွဲမှာ ဒဏ်ရာတချို့ရရှိခဲ့တာကြောင့် နောက်နှစ်ကို ရွှေ့ဆိုင်းဖို့ဖြစ်နိုင်ပါတယ်။ ကျနော်ဟာ ပြိုင်ဘက် အကြောင်းကို စဉ်းစားခြင်းမရှိပါဘူး။ ကျနော်သူနဲ့အတူရှိပြီး ထိုးသတ်ပွဲဖြစ်ဖို့ပဲလိုအပ်တယ်”လို့ ပြောခဲ့တာပါ။

အူဆက်ခ်ဟာ တိုင်ဆန်ဗျူရီနဲ့ပွဲကို ဒီဇင်ဘာ ၂၃ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် လက်ဝှေ့ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်ကတော့ အဆိုပါနေ့မှာ ပွဲဖြစ်မြောက်နိုင်ဖွယ်မရှိဘူးလို့ ပြီးခဲ့တဲ့အပတ်က ပြောထားပါတယ်။ တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့လကမှ ပင်လယ်ကွေ့နိုင်ငံမှာ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂါနူကို အနိုင်ရရှိ ထားတာပါ။ အသက် ၃၆ နှစ်အရွယ်ရှိ အူဆက်ခ်ကတော့ ဒီဇင်ဘာပွဲအတွက် အဆင်သင့်ဖြစ်နေပေမယ့် ထိုးသတ် မယ့် ရက်စွဲအသစ်ကို လာမယ့်အပတ်မှာ ဆုံးဖြတ်နိုင်ဖွယ်ရှိနေပါတယ်။ 

ဖရန့်ခ်ဝါရမ်က “ခက်ခဲတဲ့ ထိုးသတ်ပွဲအပြီးမှာ တိုင်ဆန်ဗျူရီအနေနဲ့ စခန်းသွင်းလေ့ကျင့်မှုတွေပြုလုပ်လို့ မရပါဘူး။ သူ့ရဲ့ပုံစံကို ပြန်ပြီးရဖို့အတွက် အချိန်အနည်းငယ်လိုပါတယ်။ လာမယ့်နှစ်အစောပိုင်းမှာ ပွဲဖြစ်နိုင်ပါတယ်”လို့ BBC Radio 5 Live ကို ပြောခဲ့တာပါ။

အူဆက်ခ်နဲ့ တိုင်ဆန်ဗျူရီတို့ရဲ့ပွဲမှာ အနိုင်ရတဲ့သူဟာ ၁၉၉၉ ခုနှစ်က လူးဝစ်နောက်ပိုင်း အငြင်းပွားဖွယ်မရှိ ချန်ပီယံအဖြစ်သတ်မှတ်ခံရမှာဖြစ်သလို ချန်ပီယံခါးပတ် ၄ ခုကို ပိုင်ဆိုင်မှာလည်း ဖြစ်ပါတယ်။ အူဆက်ခ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကမှ နောက်ဆုံးပွဲထိုးသတ်ထားတာဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ထိုးသတ်ထား တဲ့ ၂၁ ပွဲစလုံးနိုင်ပွဲရရှိထားပါတယ်။

Source:BBC