CNI Sport News

 ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပိုင်ရှင်တူညီနေတဲ့ အသင်းတွေက ကစားသမားတွေကို အငှားနဲ့ ခေါ်ယူဖို့ ပိတ်ပင်တဲ့ မဲခွဲမှုမအောင်မြင်ခဲ့တာကြောင့် နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင် PIF လက်အောက်မှာရှိတဲ့ ကစားသမားတွေကို ခေါ်ယူခွင့်ရရှိသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပိုင်ရှင်တူညီနေတဲ့ ကလပ်အသင်းတွေကြား အငှားနဲ့ ပြောင်းရွှေ့ခြင်းကို ပိတ်ပင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့တာမှာ ထောက်ခံမဲ ၁၃ မဲနဲ့ ကန့်ကွက်မဲ ၇ မဲထွက်ပေါ်ခဲ့တာပါ။ ဇန်နဝါရီအပြောင်းအရွှေ့ မတိုင်ခင် ဒီစည်းမျဉ်းကို အတည်ပြုနိုင်ဖို့အတွက် ထောက်ခံမဲ ၁၄ မဲရရှိဖို့ လိုအပ်ခဲ့ပေမယ့် ဒီပမာဏ မရရှိ တာကြောင့် အတည်ပြုနိုင်ခဲ့ခြင်းမရှိပါဘူး။ အဲဒါကြောင့် နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင် PIF ပိုင်ဆိုင်တဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်း ၄ သင်းက ကစားသမားတွေကို ခေါ်ယူလို့ ရရှိသွားတာဖြစ်ပါတယ်။

PIF ဟာ ဆော်ဒီပရိုလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ အယ်လ်ဟီလယ်၊ အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်အာလီအသင်းတို့မှာ အစုရှယ်ယာအများစုပါဝင်ထားတာဖြစ်ပြီး ဒီအသင်းတွေမှာ နာမည်ကြီး ကစား သမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ မာနေး၊ ဘန်ဇီမာနဲ့ နေမာတို့ ပါဝင်ကစားနေတာပါ။ နယူးကာဆယ်အသင်းဟာ အယ်လ်ဟီလယ်အသင်းမှာ ကစားနေတဲ့ ဝုလ်ဗ်စ်အသင်းကွင်းလယ်လူဟောင်း ရူဘင်နာဗက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပေါ်တူဂီကွင်းလယ်လူ ရူဘင်နာဗက်စ်ကတော့ အယ်လ်ဟီလယ်အသင်းမှာပဲ ဆက်ရှိနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ နယူးကာဆယ်အသင်းဟာ အဓိက ကစားသမားအချို့ဒဏ်ရာရရှိနေပြီး ကွင်းလယ်လူ တိုနယ်လီကလည်း လောင်းကစားစည်းမျဉ်းချိုးဖောက်လို့ ၁၀ လကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။ အဲဒါကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လိုအပ်တဲ့နေရာတွေကို အားဖြည့်ဖို့ ဆော်ဒီပိုင်ရှင်လက်အောက်က အသင်းတွေမှာရှိတဲ့ ကစားသမားတွေကို စိတ်ဝင်စားနေတာပါ။

နယူးကာဆယ်အသင်းဟာ ကလပ်အများအပြားကို ပိုင်ဆိုင်တဲ့ ပိုင်ရှင်တစ်ဦးတည်းရဲ့လက်အောက်မှာရှိတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ်တော့မဟုတ်ပါဘူး။ မန်စီးတီး၊ ပဲလေ့စ်နဲ့ ဘရိုက်တန်အသင်း တို့ကလည်း အသင်းအများအပြားကို ပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်တစ်ဦးတည်းရဲ့ လက်အောက်မှာ ရှိနေကြတာ ဖြစ်ပါတယ်။

Source:Metro