CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး မက်ဆီဟာ Time မဂ္ဂဇင်းရဲ့ ၂၀၂၃ ခုနှစ် အကောင်းဆုံး အားကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ Time မဂ္ဂဇင်းရဲ့ အကောင်းဆုံးအားကစားသမားအဖြစ် သတ်မှတ်ခံရတဲ့ ပထမဆုံးဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာ ပြီးနောက် ဇူလိုင်လက အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၁၄ ပွဲပါဝင်ကစားကာ ၁၁ ဂိုးသွင်းယူ ထားတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အင်တာမိုင်ယာမီအသင်းကို အသင်းသမိုင်း တစ်လျှောက် ပထမဆုံးဆုဖလားဖြစ်တဲ့ လိဂ်ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။

Time မဂ္ဂဇင်းက မက်ဆီဟာ အမေရိကန်ကို ဘောလုံးနိုင်ငံအဖြစ် ပြောင်းလဲပေးခဲ့တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီကြောင့် ပွဲကိုတက်ရောက်တဲ့သူတွေများပြားလာတာ၊ လက်မှတ်ဈေးနှုန်းတွေ၊ အမှတ်တရပစ္စည်းရောင်းချမှုတွေနဲ့ မေဂျာလိဂ်ပွဲတွေကို ကြည့်ရှုတဲ့သူတွေ များပြားလာခဲ့တယ်လို့ Time မဂ္ဂဇင်းက ဖော်ပြခဲ့တာပါ။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ စီစဉ်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။

အဲဒါကြောင့် ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်ဟာ မက်ဆီရဲ့ ရွေးချယ်စရာလိဂ်တွေဖြစ်လာခဲ့တာဖြစ်ပြီး မက်ဆီ ကတော့ အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ မကြာသေးခင်က ဘောလွန်းဒီအောဆုကို ၈ ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ မက်ဆီဟာ ၂၀၂၄ ခုနှစ် မေဂျာလိဂ်ရာသီသစ်မစတင်ခင်မှာ အနားယူမှုတွေ ပြုလုပ် နေတာဖြစ်ပါတယ်။ မက်ဆီကတော့ ရာသီသစ်မှာ အင်တာမိုင်ယာမီအသင်းနဲ့အတူ ရယူနိုင်တဲ့ ဆုဖလားအားလုံး ကို ရယူဖို့ ပစ်မှတ်ထားတယ်လို့ ပြောထားတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၁၉ ရက်မှာ အယ်လ်ဆာဗေးဒိုး လက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုထားပြီး ဒီပွဲမှာ မက်ဆီအပါအဝင် အဓိက ကစားသမားတွေ အားလုံး ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။ 

Source:BBC