CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်က ဟာရီကိန်းဟာ အသင်းတိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးရဲ့ ဘွန်ဒစ်လီဂါတစ်ရာသီအတွင်း ၄၁ ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို ချိုးဖျက်နိုင်တယ်လို့ ပြောလိုက်ပါတယ်။

တူချယ်လ်က “လီဝန်ဒေါစကီးရဲ့ စံချိန်ကို ဟာရီကိန်း ချိုးဖျက်နိုင်မလားဆိုရင်တော့ ဒါက အန္တရာယ်ရှိပါတယ်။ ကျနော်တို့ ကံကောင်းဖို့လိုအပ်ပါတယ်။ အသင်းကလည်း ဒီပုံစံအတိုင်းဆက်ထိန်းပြီးသွားဖို့လိုသလို ဟာရီကိန်း ကလည်း ကြံ့ခိုင်မှုရှိဖို့လိုပါတယ်။ ပြီးရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ။ ဟာရီကိန်း အတွက် ကန့်သတ်ချက်မရှိဘူးလို့ ကျနော်ထင်တယ်” လို့ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးဟာ အသင်းဂန္ထဝင် ဂတ်မူလာ ၃၉ နှစ်ကြာ တင်ရှိထား တဲ့ ဘွန်ဒစ်လီဂါတစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို ၂၀၂၁ ခုနှစ်၊ မေလမှာ ချိုးဖျက်ပြီး ၄၁ ဂိုးနဲ့ စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ စပါးအသင်းကနေ ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနေပြီး ဘွန်ဒစ်လီဂါသွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူ ထားတာပါ။

အဲဒါကြောင့် ဟာရီကိန်းအနေနဲ့ ဘွန်ဒစ်လီဂါရာသီအကုန်ထိကစားဖို့ ကျန်ရှိနေတဲ့ပွဲစဉ်တွေမှာ နောက်ထပ် ၁၉ ဂိုး သွင်းယူနိုင်မယ်ဆိုရင် လီဝန်ဒေါစကီး စံချိန်တင်ထားတဲ့ ဂိုးအရေအတွက်နဲ့ တူညီသွားမှာဖြစ်ပါတယ်။ ဟာရီကိန်း ဟာ စပါးအသင်းမှာကစားခဲ့ချိန်က အသင်းဂန္ထဝင် ဂျင်မီဂရေ့ဗ်စ်ရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး စပါးအသင်းရဲ့ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် အလန်ရှီးယားရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲကစားထားပြီး ၂၆ ဂိုးသွင်းယူကာ စံချိန် အများအပြားကိုလည်း ရယူထားတာပါ။ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား ဒုတိယနေရာမှာရပ်တည်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၁ ရက်မှာ ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

Source:ESPN