CNI Sport News

၂၀၂၄  ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ရမှတ် ၁၀ မှတ် လျှော့ ပြစ်ဒဏ်ချမှတ်ခံထားရတာကို အယူခံဝင်ခဲ့တာမှာ ၆ မှတ်အထိ လျှော့ချပေးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ခွင့်ပြုထားတဲ့ ၃ ရာသီအတွင်း အများဆုံး အရှုံးပြခွင့် ပေါင် ၁၀၅ သန်းထက် ကျော်လွန်ပြီး အရှုံးပြခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ရမှတ် ၁၀ မှတ်လျှော့တဲ့ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရတာပါ။ 

ဒီပြစ်ဒဏ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး ပြစ်ဒဏ်ဖြစ်ခဲ့ပြီး အဲဗာတန်အသင်းဟာ ၁၀ မှတ်လျှော့ ခံခဲ့ရတဲ့အတွက် အဆင့် ၁၄ နေရာကနေ ၁၉ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမယ့် ၁၀ မှတ်ကနေ ၆ မှတ်အထိ ပြန်လည်လျှော့ချခြင်း ခံခဲ့ရတာကြောင့် အဲဗာတန်အသင်းဟာ အဆင့် ၁၇ နေရာကနေ အဆင့် ၁၅ နေရာအထိ ပြန်တက်နိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်က “အဲဗာတန်အသင်းဟာ သူတို့ကို ပြစ်ဒဏ်ချမှတ်မှုအပေါ် အကြောင်းအချက် ၉ ချက်နဲ့ အယူခံ ဝင်ခဲ့ပါတယ်။ လူပုဂ္ဂိုလ် ၃ ဦးပါတဲ့ အယူခံဘုတ်အဖွဲ့က ဒီထဲက အချက် ၂ ချက်ဟာ မှားယွင်းနေတယ်ဆိုပြီး ရမှတ် ၆ မှတ်အထိ ပြန်လျှော့ချပေးခဲ့တာ”လို့ ထုတ်ပြန်ခဲ့တာပါ။

အဲဗာတန်အသင်းကို တွေ့ရစဉ်

အဲဗာတန်အသင်းကလည်း အယူခံကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်မိတယ်လို့ ပြောခဲ့ပါတယ်။ 

အဲဗာတန်အသင်းဟာ သူတို့ရဲ့ပြစ်ဒဏ်အတွက် ရမှတ်ပြန်လည် လျှော့ချခံခဲ့ရပေမယ့် ၂၀၂၂-၂၃ ရာသီအတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့လို့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့အတူ ဇန်နဝါရီက စွဲချက်တင်ခြင်း ခံခဲ့ရပါတယ်။ 

အဲဒါကြောင့် အဲဗာတန်အသင်းဟာ နောက်ထပ်အမှတ်တွေ ထပ်ပြီး ဆုံးရှုံးနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဒီအမှုကို ဧပြီ ၈ ရက် နောက်ဆုံးထားပြီး ကြားနာမှာဖြစ်တဲ့အတွက် ရာသီပြီးဆုံးပြီးနောက် တစ်ပတ်အကြာ မေလ ၂၄ ရက်အထိ အယူခံဝင်ခွင့်ရှိတယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC