CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီဟာ ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။

စကာလိုနီက “မက်ဆီဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ဒီပွဲကို ပါဝင်မယ်ဆိုတာ သံသယမရှိပါဘူး။ ဒါဟာ ကျနော့်အတွက် အလွန်လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ။ သူဟာ ကြံ့ခိုင်မှု အပြည့်ရှိတိုင်း အမြဲတမ်းကစားသလို ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မရှိရင်တောင် ကစားတဲ့သူပါ။ သူဟာ ကျနော်တို့အတွက် မရှိမဖြစ်တဲ့သူပါ”လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မက်ဆီဟာ ဒဏ်ရာကြောင့် ပီရူးအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် အီကွေဒေါအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် ပြန်လည်ပါဝင်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ အီကွေဒေါအသင်းနဲ့ပွဲစဉ်ကို ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပေမယ့် ကြံ့ခိုင်မှု အပြည့်အဝ ရှိပုံမပေါ်တာပါ။ 

ဒါပေမယ့် နည်းပြ စကာလိုနီကတော့ မက်ဆီဟာ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

စကာလိုနီကို တွေ့ရစဉ်

အာဂျင်တီးနားနဲ့ ကနေဒါအသင်းတို့ဟာ အုပ်စုတွင်းမှာလည်း တွေ့ဆုံခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ ဒုတိယအကြိမ် မြောက် တွေ့ဆုံမှုဖြစ်ပြီး အုပ်စုပွဲတုန်းက အာဂျင်တီးနားအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ 

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကနေဒါအသင်းနည်းပြ ဂျက်ဆီမာ့ရှ်ဟာ ကွဲပြားခြားနားတဲ့အရာကို လုပ်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

စကာလိုနီက “နည်းပြတွေ အားလုံးဟာ အမှားတွေပြင်ပြီး ပြိုင်ဘက်တွေကို နာကျင်အောင်လုပ်ဖို့ မှတ်သားထား ကြပါတယ်။ နည်းပြတိုင်းဟာ မတူညီတဲ့အရာတွေကို လုပ်ပါလိမ့်မယ်။ ကျနော်တို့ဟာ ဘောလုံးကို ရအောင်ယူပြီး သူတို့ရဲ့ပွဲကစားတာကို ရပ်တန့်အောင်လုပ်မှာပါ။ ရုပ်ပိုင်းဆိုင်ရာအရ သူတို့နဲ့ ယှဉ်ပြိုင်ရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အသင်းရဲ့ အကောင်းဆုံးပုံစံနဲ့ ပွဲကို ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။

အာဂျင်တီးနားနဲ့ ကနေဒါအသင်းတို့ရဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၁၀ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: CNA