CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

ရီးရယ်လ်အသင်းရဲ့စိတ်ဝင်စားမှုခံနေရတဲ့ နောက်ခံလူအာနိုးလ်ဟာ လီဗာပူးလ်အသင်းမှာ နောက်ထပ်တစ်ရာသီ ဆက်နေဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

လီဗာပူးလ်အသင်းကြီးအတွက် ၂၀၁၆ ခုနှစ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ အကယ်ဒမီထွက် အာနိုးလ်ဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား ၇ ခု ရယူထားနိုင်ခဲ့တာပါ။ 

လီဗာပူးလ်အသင်းနဲ့ အာနိုးလ်တို့ရဲ့ စာချုပ်ဟာ ၁ နှစ်သာကျန်ရှိတော့ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အပတ်က သတင်းတွေမှာ ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူဖို့ အလွန်စိတ်ဝင်စားနေပြီး ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားတာပါ။

ဒါပေမယ့် အာနိုးလ်ဟာ ရာသီသစ်အတွက် လီဗာပူးလ်အသင်း၊နည်းပြသစ် အာနီစလော့တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးဖြစ်လို့ ရာသီသစ်မှာ ပါဝင်ကစားဖို့ ကတိပြုထားတာဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ အာနိုးလ် အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ရင် လုပ်ခလစာအများအပြားနဲ့ စာချုပ်သစ်ကမ်းလှမ်းဖို့ပါ စီစဉ်နေတာပါ။ 

အာနိုးလ် ဟာ အင်္ဂလန်အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူနေပြီး လီဗာပူးလ်အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိသေးပါဘူး။

လီဗာပူးလ်အသင်းဟာ အာနိုးလ်အပြင် အသင်းခေါင်းဆောင် ဗန်ဒိုက်၊တောင်ပံကစားသမား ဆာလက်တို့ရဲ့ အနာဂတ်အတွက်လည်း စဉ်းစားဖို့ရှိနေတာပါ။ 

သူတို့ ၂ ဦးစလုံးဟာလည်း လာမယ့်ရာသီအကုန်မှာ စာချုပ် ကုန်ဆုံးမှာဖြစ်လို့ စာချုပ်သစ်မချုပ်ဆိုနိုင်ရင် အလွတ်နဲ့ ဆုံးရှုံးရမှာဖြစ်ပါတယ်။ 

အဲဒါကြောင့် လီဗာပူးလ် အသင်း ဟာ ဒီကစားသမား ၃ ဦးစလုံးနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်ရဖို့ ရှိနေတာပါ။ 

ရာသီသစ်အတွက် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ လီဗာပူးလ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် ဘက်တစ်၊အာဆင်နယ်၊ယူနိုက်တက်၊ဆီဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

Source:Metro