CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၇

မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ဒီဘရိုင်းရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်း ကြယ်ပွင့် မူစီယာလာကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်စီးတီးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့တဲ့ ဒီဘရိုင်းကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေက အပြင်းအထန် ချိတ်ဆက်မှု ပြုလုပ်နေကြတာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီဘရိုင်းဟာ လာမယ့် ရာသီအသင်းမှာ ဆက်ရှိမယ်လို့ ပြောထားပေမယ့် မန်ချက်စတာကလပ်ကတော့ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ်တွေ ရှာဖွေမှုပြုလုပ်နေတာ ဖြစ်ပါ တယ်။ 

ဒီအချိန်မှာ မန်စီးတီးအသင်းဟာ မူစီယာလာကို ဒီဘရိုင်းရဲ့နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်း ထွက်ပေါ်ခဲ့တာပါ။

မူစီယာလာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲဦးထွက်ခွင့်ရတဲ့ အချိန်ကနေ အခုအချိန်ထိ အကောင်းဆုံးပုံစံ ပြသနေပြီး ဥရောပအသင်းကြီးအချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

အခု မန်စီးတီးအသင်းကပါ မူစီယာလာကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ 

 ဒီဘရိုင်းကို တွေ့ရစဉ်

မူစီယာလာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ပြီးခဲ့တဲ့နွေရာသီက စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပေမယ့် ဒီနွေရာသီမှာ ဆွေးနွေးမှုတွေဟာ ရပ်တန့်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ မူစီယာလာနဲ့ ဘိုင်ယန်မြူးနစ်အသင်း တို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။

မူစီယာလာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၆၃ ပွဲ ကစားထားပြီး ၄၃ ဂိုးသွင်းယူထားကာ ဘွန်ဒက်လီဂါ ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား ၉ ခု ရယူထားနိုင်ခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဒီဘရိုင်းနဲ့ အနာဂတ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

မန်စီးတီးအသင်းရဲ့ ဦးစားပေးက ဒီဘရိုင်းကို ဆက်ထိန်းထားဖို့ဖြစ်ပြီး အဆင်မပြေခဲ့ရင် မူစီယာလာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

Source: Goal