CNI International News

ဝါရှင်တန်၊ ဧပြီ ၈

ထရမ့်၏ အာဖဂန်မှ အမေရိကန်တပ်များ ဝရုန်းသုန်းကား ထွက်ခွာခဲ့ရသည့် အစီအစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရက အပြစ်တင်ထားသည့် အစီအရင်ခံစာ တစ်စောင်ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရသည် ကြာသပတေးနေ့တွင် အစီရင်ခံစာများကို စုပေါင်း၍ အကျဉ်းချုပ် မှတ်တမ်းတစ်စောင် ထုတ်ပြန်ခဲ့ရာမှာ တာလီဘန်များနှင့် ရရှိခဲ့သော သဘောတူညီချက်အတိုင်း အမေရိကန်တပ်များကို အာဖဂန်မှ ဆုတ်ခွာရန် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့် သမ္မတဟောင်း ထရမ့်၏ အစိုးရကို အများစု အပြစ်တင်ထားသည်ဟု The Straits Times သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ် အစိုးရ၏ အကျဉ်းချုပ်မှတ်တမ်းကို ရီပတ်ပလီကန် လွှတ်တော်အမတ်များက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အမေရိကန်တပ်ဖွဲ့များ ထွက်ခွာမှုနှင့် ပတ်သက်သည့် မှတ်တမ်းများအား ၎င်းတို့ကို ကြည့်ရှုခွင့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ရီပတ်ပလီကန် တစ်ဦးဖြစ်သည့် အမေရိကန်အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဂျိမ်းစ် ကိုမာ (James Comer) ကလည်း ဘိုင်ဒန်အစိုးရ၏ ထုတ်ပြန်ချက်သည် အလောတကြီး အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာခဲ့မှုအတွက် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်ဟုပြောသည်။

 ထရမ့်၊ အမေရိကန်စစ်တပ်နဲ့ ပြည်ပြေး အာဖဂန် သမ္မတကိုတွေ့ရစဉ်

သမ္မတဘိုင်ဒန်၏ အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် ရွေးချယ်မှုသည် ယခင်အစိုးရဟောင်းမှ ဖန်တီးခဲ့သည့် အခြေအနေများကြောင့်များစွာ အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု အကျဉ်းချုပ်မှတ်တမ်းတွင် ဖော်ပြထားသည်။

အစိုးရဟောင်းသည် တပ်များ နောက်ဆုံးဆုတ်ခွာမှု သို့မဟုတ် အမေရိကန်နှင့် ယင်း၏ မဟာမိတ်များကို ကယ်ထုတ်မှုစသည်တို့နှင့်ပတ်သက်၍ မည်သည့် အစီအစဉ်မှ ထောက်ပံ့ပေးခဲ့ခြင်း မရှိဟုလည်း ထိုအစီအရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်၏ အရှည်ကြာဆုံး ဖြစ်သော အာဖဂန်စစ်ပွဲမှ တပ်များ ဆုတ်ခွာမှုသည် တာလီဘန်များ ပြန်လည် အာဏာရရှိရန် ဖြစ်စေခြင်းကြောင့် အာဖဂန်ပြည်သူ ထောင်ပေါင်းများစွာသည် နိုင်ငံတွင်းမှ ထွက်ပြေးရန် ကြိုးစားခဲ့ကာ ကဘူးလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း ဝရုန်းသုန်းကား အခြေအနေများကို ဖြစ်စေခဲ့သည်။

တချို့ အာဖဂန်များသည် ၎င်းတို့၏ သားသမီးများကို အမေရိကန်တပ်ဖွဲ့များထံပေးခြင်း သို့မဟုတ် ထွက်လာသော လေယာဉ်ပေါ်တွင် ခိုး၍ လိုက်ခြင်းတို့အထိ အခြေအနေ ဆိုးရွားခဲ့သည်။

ထရမ့်အစိုးရသည် အမေရိကန် အစိုးရအတွက် အလုပ်လုပ်ပေးခဲ့ခြင်းကြောင့် အာဖဂန်မှ ထွက်ခွာလိုနေသည့် အာဖဂန်ပြည်သူ ထောင်ပေါင်းများစွာအတွက် ဒုက္ခသည် ထောက်ပံ့မှုများ၊ အထူးလူဝင်မှု ဗီဇာများ ထုတ်ပေးခြင်းကို ရပ်တန့်လိုက်ခြင်းကြောင့် လုပ်ဆောင်ရန် အလုပ်အကြွေးများစွာကို ဖြစ်စေခဲ့သည်ဟုလည်း အကျဉ်းချုပ် မှတ်တမ်းတွင် ဖော်ပြသည်။

အမေရိကန်တပ်များ အာဖဂန်မှဆုတ်ခွာနေစဉ်

၁၂ မျက်နှာပါ မှတ်တမ်းတွင် အာဖဂန်မှ ကသောင်းကနင်း အခြေအနေများအတွက် အမေရိကန် ထောက်လှမ်းရေး နှင့် စစ်တပ်တို့၏ မှားယွင်းသော ကြိုတင်ခန့်မှန်းမှုများကိုလည်း တစ်စိတ်တစ်ပိုင်း အပြစ်တင်ထားသည်။

စစ်တပ်သည် တာလီဘန်များ လျင်မြန်စွာ အာဏာလွှဲပြောင်း ရယူနိုင်မှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ကာ မြို့တော် ကဘူးလ်ကို အာဖဂန်လုံခြုံရေး တပ်ဖွဲ့များ ထိန်းချုပ်နိုင်မည်ဟု မှားယွင်းစွာ သုံးသပ်ခဲ့ကြောင်းလည်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်တပ်များ ထွက်ခွာပြီးနောက် ၂၀၂၁ ခုနှစ် နှောင်းပိုင်းအထိ ကဘူးလ်မြို့သည် ပြင်းထန်သော ဖိအားများ အောက် ရောက်ရှိနိုင်ခြင်း မရှိနိုင်ဟု ခန့်မှန်းခဲ့ကြောင်း ၎င်း အစီအရင်ခံစာတွင် ရေးသားထားသည်။

Source: Straits Times