CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄

နစကသည် ဘန်ကီမွန်းအား ဖိတ်ကြား၍ တွေ့ဆုံခြင်းက လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် အကူအညီတောင်းခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ် သူ ဦးရဲထွန်းက CNI သတင်းဌာနကို ပြောသည်။

ဘန်ကီမွန်းသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်ပြီး နစက၏ ဖိတ်ကြားချက်အရ ဧပြီ ၂၃ ရက်က နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဦးရဲထွန်းက “ဖြစ်နိုင်တာကတော့ အခုပြည်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခပေါ့နော်၊ အဓိက အားဖြင့် တော့ NUG၊ PDF နဲ့ နစက တပ်တွေရဲ့ ကြားထဲက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အေးအေးချမ်းချမ်းဖြစ်ဖို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ ပြေလည်သွားစေဖို့အတွက် ဘန်ကီမွန်းကို ကြားထဲကနေပြီးတော့ စေ့စပ်ညှိနှိုင်းပေးဖို့ အကူအညီတောင်းဖို့ ကျနော်တို့ အဲဒီလို ထင်ပါတယ်ဗျ” ဟု ပြောသည်။

ဘန်ကီမွန်း မြန်မာပြည်ကို ရောက်လာစဉ်

ဘန်ကီမွန်း အနေဖြင့် လက်ရှိခရီးစဉ်တွင် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ၊ လူသိများ ထင်ရှားသော ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌအဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ‌

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဘန်ကီမွန်းတို့ တွေ့ဆုံနိုင်ခြင်း မရှိကြောင်း အပစ်ရပ်အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော် ညွန့်က ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဘန်ကီမွန်း အနေဖြင့် လက်ရှိ ငြိမ်းချမ်းရေး ကိစ္စများလည်း‌ ဆွေးနွေး နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ခဲ့သည့် ဘန်ကီမွန်း 

ဦးသာထွန်းလှက “NCA လက်မှတ်ထိုးတုန်းက သူက UN အထွေထွေအတွင်းရေးမှူးချုပ်လေ ပြီးရင် ဒီငြိမ်းချမ်းရေး ကိစ္စတွေမှာလည်း ညီလာခံအထိ လာခဲ့တယ်ဆို‌တော့လည်း အဲဒါကြောင့် သူကိုယ်တိုင် ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍ NCA နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ ရှိတဲ့အတွက်ကြောင့် နစကဘက်ကလည်း NCA စာချုပ်အတိုင်း သူတို့ ငြိမ်းချမ်း ရေး အကောင်အထည် ဖော်မယ်လို့ ပြောထားတဲ့အတွက်ကြောင့် ကျနော့်အမြင် ပြောမယ်ဆိုရင်တော့က အဲဒီ NCA စာချုပ်ကိစ္စတော့ မဖြစ်မနေ ပါလိမ့်မယ်ထင်တယ်” ဟု ပြောသည်။

ဘန်ကီမွန်းသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ် UN ကိုယ်စားလှယ်၏ အသိသက်သေအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။