CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားပြီးနောက် ကျင်းပခဲ့ သော မြန်မာ့တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ အရပ်ဖက် အဖွဲ့အစည်း စသည့် လေးပွင့် ဆိုင် အလုပ်ရုံဆွေးနွေးပွဲက NCA အကောင်အထည်ဖော်မှုကို အားကောင်းလာစေနိုင်သည်ဟု သုံးသပ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၆ နာရီအထိ NCA နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေး ပွဲကို တပ်မတော်၊ EAOs၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

NCA အကောင်အထည်ဖော်မှု ပြန်လည် အားကောင်းလာစေရေး တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အားလုံးက တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အားလုံးက တိုင်ပင်ရမှာပေါ့၊ တပ်မတော်ရယ်၊ အစိုးရရယ်၊ တိုင်းရင်းသား EAO တွေရယ်၊ သူတို့ တိုင်ပင်ရ မှာပေါ့၊ နောက်ပြီးတော့ ဘေးကနေပြီးတော့ လုပ်တဲ့လူတွေကလည်း အားပေးတိုက်တွန်းရမှာပေါ့၊ အဲဒီလိုမျိုး ပုံစံ ပေါ့၊ အမြင်ချင်းဖလှယ်ပြီးတော့ အဓိက အခြေခံဥပဒေပဲ၊ ဖက်ဒရယ်ကိုသွားမယ်လို့ ပေါ်လစီချထားပြီးသားလေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတာ ဖက်ဒရယ်က ကမ္ဘာမှာ ဖက်ဒရယ်က အမျိုးမျိုးလေ၊ ကျနော်တို့ နိုင်ငံနဲ့ သင့်တော်ဆုံး EAO တွေရော၊ တိုင်းရင်းသားတွေရော၊ ပါတီတွေရော၊ တပ်မတော်ရော၊ အစိုးရ ရော အကုန်လုံး သဘောတူနိုင်တဲ့ ဖက်ဒရယ်ပုံစံမျိုးသွားမှ ဖြစ်မယ်လေ” ဟု ပြောသည်။

NCA ၈ နှစ်မြောက် အခမ်းအနားကိုတွေ့ရစဉ်

NCA ပျက်ပြယ်သွားပြီးဟု အငြင်းပွားမှုများ ပေါ်ပေါက်နေစဉ်မှာပဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်ထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သည်။

ထို့နောက်  NCA လုပ်ငန်းများ ပြန်လည် အကောင်အထည်ဖော်နိုင်ရေးနှင့် စာချုပ်ပါ သဘောတူညီချက်များ အကောင်အထည်ဖော်နိုင်ရေး လေးပွင့်ဆိုင် အလုပ်ရုံဆွေးနွေးပွဲ တစ်ရက်ကို ဆက်လက် ကျင်းပခဲ့ကြသည်။

စာချုပ်များ၊ ပဋိညာဉ်များ မည်မျှပင် ကောင်းစေကာမှု လူက အလုပ်မလုပ်ပါက သက်ရောက်မှုမရှိကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “NCA အလုပ်မဖြစ်ဘူးဆိုတာတော့ ဘယ်လောက်ပဲ စာချုပ်ကောင်းကောင်း၊ လူက မလုပ်ဘူးဆိုရင်တော့ အလုပ် မဖြစ်ဘူးဗျ၊ အခုက NCA စာချုပ် ချုပ်လိုက်တယ်၊ စပြီး လုပ်ခဲ့တာက KIA၊ KIA, KIO လိုင်ဇာမှာ စပြီးမှ NCA စာချုပ် လုပ်မယ်ဆိုပြီးမှ ဦးအောင်မင်းနဲ့ တိုင်ပင်ပြီးမှ စလုပ်ခဲ့ကြတယ်၊ သူတို့ လုပ်ခဲ့ပြီးမှ စာချုပ်ပြီးခါနီးအထိကို သူတို့ ပါဝင်ခဲ့တယ်၊ စာချုပ်လက်မှတ် ရေးထိုးတော့မယ်ဆိုတဲ့ အခါကြတော့ KIA ဟာ မပါလာတော့ဘူး။ ဘာ ကြောင့် မပါသလဲဆိုတာ အဖြေတစ်ခုတော့ ရှာသင့်တာပေါ့လေ၊ သူမပါရခြင်း အကြောင်းအရင်းပေါ့၊ ဘာကြောင့် မို့လဲဆိုတဲ့ အခါကြတော့ NCA အလုပ်မဖြစ်ဘူးလို့ ဝိုင်းပြီးမှ ပြောနေကြတယ်၊ ခုနက ကျနော်ပြောသလိုပဲ စာချုပ် ဆိုတာက သဘောတူညီချက် တစ်ခုပါ။ ဒီအတိုင်းကို ကျနော်တို့ လုပ်ကြမယ်ဆိုတော့ ဒီအတိုင်း မလုပ်ကြဘူးဆို ရင် တစ်ယောက်ယောက်က ဖောက်သွားပြီဆိုရင် ဘာကြောင့် ဖောက်သလဲဆိုတာ အဖြေပြန်ရှာပြီးမှ ကျနော်တို့ ဆွေးနွေးညှိနှိုင်းရပါမယ်၊ အဲဒီလိုမျိုး မလုပ်ဘူးဆိုရင်တော့ အလုပ်မဖြစ်ဘူးပေါ့လေ” ဟု ပြောသည်။

NCA ၈ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံရေးပါတီနဲ့လက်နက်ကိုင် ကိုယ်စားလှယ်များကို တွေ့ရစဉ် 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်တော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူလိုက် သည်။

ထို့နောက် NCA မှာ ပျက်ပြယ်သွားပြီဟုဆိုကာ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့(KNU- CNF- ABSDF တို့)က ဆန့်ကျင်တိုက်ခိုက်လျက် ရှိနေသည်။

ထို့အတူ NCA အကောင်အထည်ဖော်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ လူသားချင်း စာနာထောက်ထားမှု အကူအညီသာ ပေးနိုင်တော့သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NCA မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော စာချုပ်ဖြစ်သလို ပြည်တွင်း/ပြည်ပ အသိသက်သေများလည်း လက်မှတ်ထိုးထားခြင်းကြောင့် မည်သည့်အခါမှ ပျက်ပြည်မည် မဟုတ်ဟု ပြောသည်။

အလားတူ NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ကလည်း NCA ပျက်ပြယ်ခြင်း မရှိ ကြောင်း ပြောသည်။