CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၆

ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကို သတ်မှတ်ခံထားရသည့် ပုဂံနယ်မြေဒေသ၏ ရှေးဟောင်း ဘုရားများအနီးရှိ ရှေးဟောင်းအဆောက်အဦးဝန်းကျင်တွင် ခွင့်ပြုချက်မရှိဘဲ နေထိုင်နေသည့် နေအိမ် ၂၅ လုံးခန့် အား ဖယ်ရှားခိုင်းထားကြောင်း ရှေး/သု ပုဂံဌာနခွဲမှ သိရသည်။

ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက “တချို့လည်း ပြန်ပြီးတော့ ဖျက်တာရှိတယ်။ တချို့လည်း မပြီးသေးလို့ မဖျက်ကြသေးတာရှိတယ်။ အဲဒီအတွက်ကိုတော့ တာဝန်ယူထားတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ထပ်ပြီးတော့ တွန်းအားပေးခဲ့တာပေါ့။ ဘယ်အချိန် အမြန်ဆုံးဆောင်ရွက်ပေးဖို့နဲ့ ပြီးစီးတဲ့ အခြေအနေလေးတွေကို ပြန် တင်ပြဖို့ဆိုပြီးတော့ မှာကြားခဲ့တယ်။သူတို့က တဲအိမ်ကလေးတွေ အဲဒါလေးတွေ ဆောက်လုပ်လာတဲ့သဘောပါ။ ဒီလို ခွင့်ပြုချက်မဲ့ လာရောက်ဆောက်နေတာတွေကို ထားပေးလို့မရဘူး။ ဒါပေမယ့်လည်း တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းပြီးတော့မှ ရှင်းလင်းဆောင်ရွက်ပေးရတယ်။ ညှိနှိုင်းပြောဆိုလို့မှ မရရင်တော့ ကျနော်တို့က ဥပဒေကြောင်း အရသွားရတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုကျူးကျော်နေအိမ်များသည် ရွှေသာလျောင်းအရှေ့တောင်ဘက်၊ ရွှေစည်းခုံဘုရားအနီးက နန်းကြည့်ကုန်း၊ ကျန်စစ်သားဥမင်ကျောင်း အနောက်ဘက်နှင့် အရှေ့တောင်ဘက်၊ ဗူးဘုရား အရှေ့ဘက် စသည့်နေရာများတွင် ခွင့်ပြုချက်မရှိဘဲ နေအိမ်များဆောက်လုပ်ကာ နေထိုင်နေကြခြင်းဖြစ်သည်။

အဆိုပါခွင့်ပြုချက်မဲ့ လူနေအိမ်များအား ဖယ်ရှားရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို မေလ ၁၈ ရက်က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲတွင် ပြုလုပ်ခဲ့ပြီးနောက် ထိုအိမ်များကို ဖယ်ရှားပေးရန် တစ်ပတ်အချိန်ပေးထားခြင်းဖြစ်သည်။