CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃

ဘရာဇီးလ်အသင်းဟာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အဓိက ကစားသမားဖြစ်တဲ့ ဗီနီစီးယက်စ် ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မယ့်အပေါ် နည်းပြ ဒိုရီဗယ်လ်ဂျူနီယာဟာ စိတ်ပျက်နေပါတယ်။

ဒိုရီဗယ်လ်ဂျူနီယာက “အဝါကတ်ပြသတာက အလွန်ထူးဆန်းပါတယ်။ ပွဲစဉ်ရဲ့ပထမဆုံး ထိခိုက်တဲ့အချိန်မှာပဲ အဝါကတ်ပြသခဲ့တာပါ။ ကျနော်တို့ဟာ ကြယ်ပွင့်တွေ မပါဝင်ဘဲ ကစားနိုင်ဖို့ သင်ယူရမယ်လို့ လူတွေက ပြောကြပါတယ်။ အခုဒီအချိန် ရောက်လာပါပြီ။ ကျနော်တို့ဟာ နေမာကိုလည်း ဆုံးရှုံးထားရပါတယ်”လို့ ပွဲအပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ဗီနီစီးယက်စ်ဟာ ဘရာဇီးလ်အသင်းနဲ့ ကိုလံဘီယာအသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စု နောက်ဆုံးပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန် အစောပိုင်းမှာ ကိုလံဘီယာအသင်း ခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။ 

ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ ပါရာဂွေးအသင်းနဲ့ပွဲစဉ်မှာလည်း အဝါကတ်ပြသခြင်း ခံထားရတာပါ။ 

 ဗီနီစီးယက်စ်ကို တွေ့ရစဉ်

အဲဒါကြောင့် အုပ်စုတွင်းမှာ အဝါကတ် ၂ ကြိမ် ပြသခြင်းခံထားရတဲ့ ဗီနီစီးယက်စ်ဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲပယ်ကြောင့် ဘရာဇီးလ်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

ကျင်းပနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ၂ ဂိုး သွင်းယူပေးထားတဲ့ ဗီနီစီးယက်စ် ဟာ ဥရုဂွေးအသင်းနဲ့ ပွဲစဉ်မှာ မပါဝင်နိုင်တာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ ဗီနီစီးယက်စ် မပါဝင်နိုင်မယ့် ဒီပွဲစဉ်မှာ အာဆင်နယ်အသင်း တောင်ပံကစားသမား မာတင်နယ်လီကို ပွဲထွက်လူစာရင်းမှာ အသုံးပြုလာဖို့ ရှိနေတာပါ။ 

ဥရုဂွေးအသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိထားပြီး အုပ်စုတွင်း ၃ ပွဲစလုံးကို အနိုင်ရရှိကာ အုပ်စု ပထမနဲ့ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။

ဥရုဂွေးနဲ့ ဘရာဇီးလ်အသင်းတို့ ပွဲစဉ်အပြင် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ အီကွေဒေါ၊ ဗင်နီဇွဲလားနဲ့ ကနေဒါ၊ ကိုလံဘီယာနဲ့ ပနားမားအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါ တယ်။

Source: Goal