CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁

လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းအတွက် ဒီဂျစ်တယ် ငွေပေးချေမှုကို တစ်ရက်လျှင် အများဆုံး ငွေကျပ် သိန်း ၁၀၀ အထိသာ ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်လိုက်သည်။

ဒစ်ဂျစ်တယ် ငွေပေးချေရာတွင် တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၁၀၀ အထိ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ပမာဏ ကန့်သတ်လိုက်ခြင်းကြောင့် လုပ်ငန်းရှင်များ၏ လုပ်ကိုင်ဆောင်ရွက်နိုင်သည့်နှုန်းထားအပေါ် သက်ရောက်မှု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထိုကန့်သတ်ထားချက်သည် ရေရှည်သွားမည်ဆိုပါက အောက်ခြေ လုပ်သားများကိုပါ ထိခိုက်မှု ဖြစ်နိုင်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာန သို့ ပြောသည်။ 

၎င်းက “တစ်ယောက်ချင်းစီရဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက် လိုအပ်တဲ့ ပမာဏက ဘယ်လောက်လဲဆိုတာ မသိနိုင် ဘူးလေ။ သဘောက volume (ထုထည်/ပမာဏ) ကြီးတဲ့သူက နည်းလို့ရှိရင် သူက လုပ်လို့မရတော့ဘူး။ လုပ်လို့ မရဘူးဆိုတာနဲ့ သူ့ရဲ့ စီးပွားရေး ထိခိုက်တာပဲ။ သူ့စီးပွားရေး ထိခိုက်လို့ရှိရင် ကျန်တဲ့စီးပွားရေး ထိခိုက်ရော၊ စီးပွားရေးဆိုတာ တစ်ခုရှိတာက ဒီတိုင်းပြည်မှာ ဥပမာအားဖြင့် လုပ်ငန်းရှင်တွေ အလုပ်မလုပ်နိုင်ဘူးဆိုရင် အလုပ် လက်မဲ့တွေ ဖြစ်ကြတယ်။ အလုပ်လက်မဲ့တယ်ဆိုတာက တက္ကစီသမားလည်း သွားထိတယ်၊ ဆိုက်ကားသမား လည်း သွားထိတာပဲ။ စီးပွားရေးဆိုတာက တစ်ယောက်ထိခိုက်လို့ရှိရင် ကျန်တဲ့လူ မထိခိုက်ဘူး ထုံးစံမရှိဘူး။ မက်ခရိုဘောဂဗေဒနဲ့ ပြောရင်တော့ အရှည်ကြီး ပြောရမှာပေါ့။ သို့သော်ငြားလည်း ပြောချင်တဲ့ အဓိပ္ပာယ်က သူ့အတွက် စွမ်းရည်အမြင့်ဆုံးမဟုတ်တော့ စွမ်းဆောင်ရည် မရှိတော့ဘူး။ သူစွမ်းဆောင်ရည် မရှိလို့ရှိရင် ဆိုကြပါ စို့ သူက အလုပ် အကိုင် အယောက် ၁၀၀ ပေးထားမယ်၊ ၁၀ ယောက် ပေးထားမယ်ဆိုလို့ရှိရင် သူစွမ်းဆောင်ရည် မရှိတော့ အလုပ်လုပ်လို့ မရလို့ရှိရင် သူတို့ဆီမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ အလုပ်အကိုင် လုံခြုံမှုကလည်း ပြဿနာ ဖြစ်လာမှာ။ ဒါက တစ်စိတ်တပိုင်း ပြောပြတာ၊ အကျယ်ကြီးပြောရင်တော့ အများကြီးပဲပေါ့။ ဒီအခြေအနေက ဘယ်လောက်ကြာမယ်မှန်း မသိဘူး။ တကယ်လို့ ဒီအစီအစဉ်တွေက permanent (အမြဲတမ်း) ဖြစ်သွားလို့ရှိရင် ပတ်လည် ထိခိုက်ကုန်မှာပေါ့” ဟု ပြောသည်။

ဒီဂျစ်တယ်ကဒ်များကိုတွေ့ရစဉ်

မြန်မာနိုင်ငံဗဟိုဘဏ်က သတ်မှတ်ထားသည့် လုပ်ငန်းများတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင် များ၊ ဆောက်လုပ်ရေး အရောင်းဆိုင်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုစင်တာများ ပါဝင်သည်။

အဓိကအားဖြင့် ရွှေဆိုင်များ ရွှေအရောင်းအဝယ်ကို ကန့်သတ်လိုသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။

ရွှေဆိုင်များ၊ ရွှေကုန်သည်များအနေဖြင့် အရောင်းအဝယ် လုပ်ဆောင်ရာတွင် ငွေကြေး သိန်းထောင်နှင့်ချီ၍ လုပ်ဆောင်ကြသည့်အတွက် ယခု ကန့်သတ်လိုက်သည့် ငွေကျပ်သိန်း ၁၀၀ သည် အဆင်မပြေကြောင်း၊ ထို့ကြောင့် အရောင်းအဝယ်ပိုင်းတွင် ငွေကြေးအတွက် ရက်ချိန်းယူရမှုများ ဖြစ်ပေါ်သွားမည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကက သူက cash ဘက်ကို မလှည့်ဘဲနဲ့ digital currency ဘက်ကို လှည့်လိုက်တဲ့သဘော။ သိန်း ၁၀၀ အထက်တွေဘာတွေ ဖြစ်လာပြီဆိုရင် စာတင်ရမှာနဲ့၊ လုပ်ငန်းပြရမှာနဲ့ ဘာအတွက်လဲ၊ ညာအတွက်လဲ၊ ဘယ်သူမှ အလုပ်ရှုပ်မခံချင်ဘူး။ လုပ်ငန်းတွေ ကြန့်ကြာသွားနိုင်တယ်။ ဒါပေမယ့် လူတွေက မြေပြင်အထိ လိုက်လုပ်ဆောင်နိုင်မှ ဖြစ်မယ့်အရာတွေ၊ ဖြစ်ရင်တောင်မှ အနည်းအကျဉ်းပေါ့လေ။ ရေရှည်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဗျ ဒီလိုပုံစံမျိုးနဲ့တော့။ ဘာလို့လဲဆိုတော့ အလုပ်က ၂ ခေါက်လောက် ရှုပ်မယ်လေ။ ဘဏ် တစ်ခေါက် ပြန်သွားရအုံးမယ်၊ အဲဒီအတွက်က အချိန်ပုပ်တယ်။ လုပ်ငန်းရှင်တွေက အဲဒီလောက်ထိ မအားဘူး လေ။ ဘဏ်ဆိုတာက လိုအပ်တဲ့အချိန်လောက်ပဲ သုံးတာကောင်းတယ်။ အမြဲတမ်းကြီး အတွက်ကျတော့ အဆင်မပြေဘူးလေ။ mobile banking နဲ့ လွှဲလို့ ပြီးမယ့်ကိစ္စကို ဘဏ်ကို တစ်ခေါက် သွားနေရမှာ အဆင်မပြေ တော့ဘူး။ သောင်းကဏန်းလောက်ပေါ့၊ ထောင်ကဏန်းတောင် မရဘူး။ ဆိုင်ကြီးတွေဆို သောင်းကဏန်းပေါ့။ တစ်ပိုင်းပဲ ရောင်းမယ်ဆိုရင်ပဲ ထားပါတော့၊ အခု တစ်ပိုင်းမှာဆိုရင် ၁ ကျပ်သားကို ၅၀၊ ၁၀ ကျပ်သား တစ်ပိုင်း ဆိုရင် ၅၀၀၊ အဲဒီမှာ သိန်း ၁၀၀ အထက်က ဖြစ်သွားပြီ။ တစ်ပိုင်းဆိုရင်တောင်မှ သိန်း ၅၀၀ အထက်မှာ ရှိသွားပြီ။ ဘယ်လိုမှ အဆင်မပြေဘူး။ အရောင်းအဝယ် လုပ်တဲ့သူတိုင်းက ၃/၄ ပိုင်းတော့ သွားကြတာပဲ။ သိန်းထောင် ကဏန်းက အရောင်းအဝယ်ကိစ္စတွေမှာ ရှိတယ်။ ဆိုင်တွေမှာဆိုရင် သောင်းကဏန်းက ပိုပြီးတော့ ရှိလိမ့်မယ်။ အဲဒီအတွက်က ဘာဖြစ်သွားမလဲဆိုတော့ ရွှေဆိုင်တွေမှာ ဒီငွေ ရဖို့အတွက် ရက်ချိန်းယူရတာမျိုးတွေ” ဟု ပြော သည်။

 ဒီဂျစ်တယ် ငွေပေးချေမှုကို တွေ့ရစဉ်

ယခုကဲ့သို့ ဒစ်ဂျစ်တယ် ငွေပေးချေမှု ပမာဏ ကန့်သတ်ရခြင်းသည် ငွေသားအသုံးမပြုသည့် ပေးချေမှုများနှင့် ငွေပေးချေမှု စနစ်ပေါင်းစုံ အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်မှုကို မြှင့်တင်ရန်နှင့် ငွေပေးချေဝန်ဆောင်မှုများကို ပြည်သူများ အသုံးပြုမှု မြှင့်တင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မိုလ်ဘိုင်း ငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ငွေ ပမာဏကိုလည်း ကျပ်သိန်း ၁၀၀ အထိသာ ထားရန်နှင့် သိန်း ၁၀၀ ကျော်လွန်ပါက ဘဏ်စာရင်းကို ပြောင်းရွှေ့ရမည်ဖြစ်သည်။