CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ(Housing Loan) ထုတ်ချေး ထားသည့် ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူဆောင်ရွက်သွားမည်ဟု နစက-က ဇူလိုင် ၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှု ပုံစံ အသစ်ပေးရန်နှင့် ပြည်သူများ အတွက် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ချေးငွေသက်တမ်း(၃)နှစ်ထက်ပို သော အိမ်ရာချေးငွေများ ထုတ်ချေးခြင်းကို စုစုပေါင်းဘဏ် ချေးငွေအပေါ် မူတည်၍ ထုတ်ချေးခွင့်ပြု လျက်ရှိသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

သို့သော် ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ UAB ဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

ရိုးမဘဏ်သည် ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထားကြောင်း၊ မြန်မာနိုင်ငံသားများဘဏ်မှ ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် ၈.၉၄ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေး ထားကြောင်း၊ ဧရာဝတီဘဏ်မှ ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၁.၉၆ ရာခိုင်နှုန်းအား ကျော်လွန်ထုတ် ချေးထေားကြောင်း၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်း ထက် ၁.၀၁ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထားကြောင်း၊ UAB ဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်း ထက် ၃.၃၈ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထားကြောင်း၊ မြန်မာမက်ထရိုဘဏ်မှ ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် ဝ.၃၉ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထားကြောင်း၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘစ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၆.၃၄ ရာခိုင်နှုန်းအား ကျော်လွန် ထုတ် ချေးထားကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါဘဏ်များမှ ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အိမ်ရာချေးငွေနှင့် ပတ်သက်သည့် သတ်မှတ်ချက်အတိုင်း သတ်မှတ်ထားသော ကာလ အတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ် ချက်အား ကျော်လွန်ဖောက်ဖျက်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂလိကဘဏ် ၇ ခုမှ တာဝန်ရှိသူများကိုလည်း ဥပနှေင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ 

ထို့နောက် သတ်မှတ်ချက်အား ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်သလို ပုဂ္ဂလိကဘဏ်များအား စစ်ဆေးကြီးကြပ်ကွပ်ကဲရန် အားနည်းခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများကိုလည်း စိစစ်ဖော်ထုတ်အရေးယူသွားမည်ဟု နစက-က ထုတ် ပြန်ခဲ့သည်။