CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

e-visa (Tourist) ကို မေလ ၂၀ ရက်မှ စတင်၍ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံခြားသား ခရီးသွားများ ယခုလ (ဇွန်လ)ထဲတွင် ဝင်ရောက်မှု များ ပြား လာကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ စတင်ကာ Tourist visa ဖြင့် နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်ခဲ့ပြီး ယခုလတွင် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုမှာ ပိုများလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။

ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “၅ လပိုင်းထဲမှာက သူက စပြီး ခွင့်ပြုကာစဆို တော့ တစ်ရက်ကို အကြမ်းဖျင်း နေ့အလိုက် Tourist visa နဲ့ဝင်တာ ၅ ယောက်၊ ၆ ယောက်လောက်ပဲ ရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့ ဇွန်လထဲမှာကျတော့ Tourist visa က ဝင်ရောက်မှုက များလာတယ်။ များလာတဲ့အတွက် တစ်နေ့ကိုတော့ အကြမ်းဖျင်းက ၂၅ နဲ့ ၃၀ ပတ်ချာလည် လောက်တော့ တစ်နေ့ကို Tourist visa နဲ့ ဝင်တဲ့သူ ရှိတာပေါ့။ မိုးရာသီဖြစ်တဲ့ အတွက် ဧည့်သည်ဝင်တဲ့ နည်းတဲ့ရာသီတော့ မှန်တယ်။ ဒါပေမယ့် သူက အရမ်းကြီး အများကြီး တိုးတာမျိုး မဟုတ်ပေမယ့် တစ်နေ့ကို အခုစတဲ့ အချိန်ကစပြီးတော့ ၂၀၊ ၃၀ ပတ်ချာလည်လောက် ဝင်နေတယ်။ e-visa နဲ့ ပေးတဲ့ အခါကျတော့ အိမ်နီးနားချင်း နိုင်ငံတွေပေါ့။ ခဏတဖြုတ် လာတာလည်း ဖြစ်မယ်၊ တချို့လည်း ဒီ e-visa နဲ့ လျှောက်ရတာ ဆိုတော့ကျ လွယ်လွယ်ကူကူနဲ့ အွန်လိုင်းကနေ processing နဲ့ သွားရတာဖြစ်တဲ့အတွက် မြန်တဲ့အတွက်ကြောင့် ဒါလျှောက်လာတာ ဖြစ် တာပေါ့။ များတော့ များလာတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မေလ ၂၄ ရက်မှ စတင်ကာ ဇွန်လ ၁၂ ရက်နေ့အထိ Tourist visa ဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွား ဦးရေမှာ ၃၅၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Tourist visa ဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများထဲ၌ ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးမှာ မလေးရှားဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားများ ပုဂံတွင် နေဝင် ဆည်းဆာ ကြည့်နေစဉ်

Tourist visa ဖြင့် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်နေသော်လည်း ထိုသူများသည် ခရီးသွားများ မဟုတ်ဘဲ စီးပွားရေး ကိစ္စဖြင့် ရက်တို ခရီးလာကြသူ များပြားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ဦးနောင်းနောင်းဟန်က “လက်ရှိမှာတော့ ဒီ Tourist visa နဲ့ ဝင်လာပေမယ့်လေ။ ဒါပေမယ့် တကယ်တမ်း ခရီးသွားတွေက အများကြီး အပန်းဖြေဖို့ ခရီးသွားတွေက သိပ်လာတာ မရှိသေးဘဲနဲ့ အခုလောလောဆယ်က စီးပွားရေးနဲ့ လာတဲ့ ဧည့်သည် တွေပဲ များနေ‌သေးတယ်။ Business Traveler တွေပဲ များနေသေးတော့ ရန်ကုန်တို့၊ နေပြည်တော်တို့ လောက်ပဲ ရှိသေး တယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အဲဒီလောက်ပဲ သွားသေးတယ်။ ကျန်တဲ့ ပုဂံတို့ အင်းလေးတို့ကို သွားတာတော့ နည်းပါသေးတယ်” ဟု ပြောသည်။

လက်ရှိတွင် ကိုဗစ် ကပ်ရောဂါသည် အတိုင်းအတာတစ်ခုထိ လျော့နည်းသွားပြီ ဖြစ်သည့်အတွက် ခရီးသွား လုပ်ငန်းအပေါ် အကျိုး သက်ရောက်မှု မရှိတော့သဖြင့် လုံခြုံရေးပိုင်းကိုသာ အာမခံနိုင်ရန် အရေးကြီးကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ လေကြောင်းလိုင်း

ဦးသက်လွင်တိုးက “ပြည်တွင်း ခရီးသွားတွေတောင်မှ လုံခြုံမှု အခြေအနေက မရှိသေးတော့ ပြောလို့ မရသေးတော့လေ နိုင်ငံ ခြားသားဆို ပိုတာဝန်ကြီးတာပေါ့။ ဆိုတော့ တာဝန်ယူမှု တာဝန်ခံမှု နယ်မြေဒေသတွေ ငြိမ်းချမ်းဖို့ ဒါတွေတော့ အရေးအကြီး ဆုံးပေါ့။ အခုကတော့ ပြည်တွင်း ခရီးသွားမှု အချို့ရှိတယ်။ ဒါပေမယ့် ပြည်တွင်းတွေတောင်မှ တန့်ကြည့်တောင်ကိစ္စ ဖြစ် တော့ ပုဂံဘက်မှာ တချို့တွေ ပြန် share သွားတာပေါ့နော်။ ကျန်တဲ့မေမြို့တို့၊ ကလောတို့ ဘက်ကတော့ Staycation တွေ Family Visit တွေ ရှိတယ်။ နိုင်ငံခြားသားတော့ ‌တော်တော် တွေ့ရခဲပါသေးတယ်”ဟု ပြောသည်။

ထို့နောက် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြေးဆွဲမှုအား ဧပြီ ၁၇ ရက်နေ့မှ စတင်ကာ ပြေးဆွဲခွင့် ပြုထားခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ Tourist visa အပါအဝင် Business visa နှင့် အခြား visa တို့ဖြင့် ဝင်ရောက်မှုတွင် တရုတ်နိုင်ငံမှ အများဆုံး ဖြစ်ကြောင်း၊ ဒုတိယအများဆုံးမှ အိန္ဒိယနိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီ ၁၇ ရက်နေ့မှ စတင်ကာ နေ့စဉ် ပျမ်းမျှအားဖြင့် နိုင်ငံသား ၆၀၀ ကျော်နှင့် နိုင်ငံခြားသား ၁၅၀ ကျော်တို့သည် ရန်ကုန်လေဆိပ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ တစ်ရက်လျှင် လေကြောင်းခရီးစဉ် ပျမ်းမျှ ၈ ခု ပြေးဆွဲနေကြောင်း သိရသည်။

ထို့ကြောင့် လာမည့် ပွင့်လင်းရာသီတွင် လေကြောင်းလိုင်းများ ပိုမိုတိုးချဲ့ ပြေးဆွဲလာပါက ခရီးသွားများ ပိုမိုဝင်ရောက် လာနိုင် မည်ဟု မျှော်လင့်ရကြောင်း ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။