CNI International News

ဘာလင်၊ စက်တင်ဘာ ၂

ဂျာမနီနိုင်ငံတွင် အစိုးရထောက်ပံ့ကြေး စာချုပ်စာတမ်းများ သက်တမ်းကုန်သွားပြီဖြစ်၍ စက်တင်ဘာ ၁ ရက်နေ့ တွင် လောင်စာဆီနှင့် အများပြည်သူ သယ်ယူပို့ဆောင်စရိတ်များ ခုန်တက်သွားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားထားသည်။

ထို့နောက် ခရီးသွားလာနေသူများလည်း ထိခိုက်စေခဲ့ကြောင်း အေပီက ဆက်လက် ဖော်ပြထားသည်။

ဓာတ်ငွေ့နှင့် လောင်စာဆီဆိုင်ရာ စာချုပ်စာတမ်းများကို ပြန်လည် သက်တမ်းတိုးရန် ရုရှားအား ယခုအခါ အားကိုး၍ မရနိုင်တော့ကြောင်း ဂျာမနီအစိုးရ ထိပ်တန်းအရာရှိတစ်ဦးက သတိပေးခဲ့သည်။

စက်တင်ဘာ ၂ ရက် (ယနေ့) နံနက်ပိုင်းတွင် E10 စူပါလောင်စာဆီ ပျမ်းမျှဈေးနှုန်းသည် ယခင်နေ့ထက် ၀ ဒသမ ၂၅ ယူရို ပိုတက်လာကြောင်း၊ ဒီဇယ်ဆီလည်း ၀ ဒသမ ၁၀ ယူရိုခန့် ဈေးကြီးလာကြောင်း ဂျာမနီပြည်တွင်း အကြီး မားဆုံး မော်တော်ယာဉ်အုပ်စုဖြစ်သည့် ADAC က ကနဦး ခန့်မှန်းနှုန်းထားများကို ရည်ညွှန်းပြောကြားခဲ့သည်။

စက်တင်ဘာ ၂ ရက်တွင် လောင်စာဆီ အခွန်အခများ ယာယီဖြတ်တောက်ထားခြင်းကို အစိုးရက အဆုံးသတ်ပေး ခဲ့သည်။ ထို့ပြင် ငွေကြေးဖောင်းပွမှု ပြဿနာကို ကုစားရန်အတွက် ပြီးခဲ့သည့် မေလ၌ အထူးလစဉ် ၉ ယူရိုနှုန်းဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်စီးခ လက်မှတ်ကို သတ်မှတ်ပေးခဲ့သည်။

ဂျာမနီနိုင်ငံ မီးရထားပြေးဆွဲနေခြင်းကိုတွေ့ရစဉ် (AP)

ပြည်တွင်းရှိ ဒေသအသီးသီးအတွက် ဘတ်စ်ကားခများနှင့် ရထားလက်မှတ်ခများကို ဈေးလျှော့ပေးခဲ့ရာ သန်းနှင့် ချီသော ပြည်သူများ အဖိုးနှုန်း ချိုသာစွာဖြင့် သွားလာနိုင်ခဲ့၍ အထူးအောင်မြင်ခဲ့သည်။ ထို့ပြင် ကာဗွန်ဒိုင် အောက် ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု ခန့်မှန်းခြေ ၁ ဒသမ ၈ သန်းကိုလည်း လျော့နည်းသွားစေခဲ့သည်။

အဆိုပါ ယာဉ်စီးခ လက်မှတ်များကို တစ်နည်းနည်းဖြင့် သက်တမ်းတိုးပေးရန် သဘာဝပတ်ဝန်းရေးရာ တက်ကြွ လှုပ်ရှားသူများက တောင်းဆိုထားပြီး ဂျာမနီအစိုးရ၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးက သင့်လျော်သည့် နည်းလမ်း ရှာကြံနေကြောင်း ပြောကြားခဲ့သည်။

ရုရှားက ဂျာမနီနိုင်ငံသို့ ရုပ်ကြွင်းလောင်စာ တင်ပို့ရောင်းချမှုကို သိသာစွာ လျှော့ချလိုက်ပြီးနောက် လာမည့် ဆောင်းရာသီတွင် လောင်စာဆီ မပြတ်လပ်စေဖို့ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင် ချွေတာနိုင်ရန် ကြိုးပမ်းနေကြောင်း အစိုးရက ကတိပြုခဲ့သည်။

ထို့ပြင် ဆောင်းရာသီဝင်သည်နှင့် အများသူငှါ ဝင်ထွက်သွားလာနေသော ရုံးများတွင် အပူပေးသည့် စနစ်ကို လျှော့ချမည်ဖြစ်ကြောင်း၊ လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်များတွင် ညအချိန် မီးပိတ်ထားရမည်ဖြစ်ကြောင်း မကြာသေးမီက ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။

Source: AP