CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆

နေမာဟာ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းရဲ့ လက်ကျန် အုပ်စု ၂ ပွဲစလုံးမှာ မပါဝင်နိုင်တော့ဘူးလို့ လက်ရွေးစင်အသင်းက အတည်ပြု လိုက်ပါတယ်။

ဘရာဇီးလ်အသင်းက ဆားဘီးယားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နေမာဟာ ပြိုင်ဘက် ကစားသမား တွေရဲ့ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကို ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့တာပါ။

နေမာဟာ ဒီပွဲမှာ ပြိုင်ဘက်အသင်းရဲ့ ပြစ်ဒဏ်ကျူးလွန်မှု ၉ ကြိမ်အထိ ခံခဲ့ရပြီးတော့ လူစားလဲချိန် အရန်ခုံတန်း မှာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။

နေမာရဲ့ ခြေကျင်းဝတ်ဟာ ရောင်ရမ်းနေခဲ့ပြီး သူ့ကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ လက်ကျန် ၂ ပွဲစလုံး ကို မပါဝင်နိုင်တော့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်း ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှသာ နေမာဟာ နိုင်ငံအသင်းအတွက် ပြန်လည် ပါဝင်လာ နိုင်မှာ ဖြစ်ပါတယ်။ နေမာကတော့ ဒီဒဏ်ရာဟာ သူ့ကစားသမားဘဝမှာ အခက်အခဲဆုံး အခိုက်အတန့်တွေထဲက တစ်ခုလို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

နေမာ ဖြတ်ထုတ်ခံရတဲ့ အခြေအနေကိုတွေ့ရစဉ် (Getty Images)

နေမာက “ကျနော့်ရဲ့ ဘဝမှာ ဘယ်အရာကိုမှ လွယ်လွယ်နဲ့ မရခဲ့ပါဘူး။ အိမ်မက်တွေ၊ ရည်ရွယ်ချက်တွေ နောက် ကို အမြဲလိုက် နေရတာပါ။ ဘယ်သူ့ကိုမှလည်း ဒုက္ခရောက်အောင် မလုပ်သလို လိုအပ်တဲ့ သူတွေကိုတောင် ကူညီ ပါတယ်။ ဒီနေ့က ကျနော့် ကစားသမားဘဝရဲ့ အခက်အခဲဆုံး အခိုက်အတန့်တွေထဲက တစ်ခုဖြစ်လာတာပါ။ ကျနော် ပြန်လာနိုင်ဖို့ အခွင့်အရေး ရှိမယ်ဆိုတာ သေချာပါတယ်။ ကျနော့်တိုင်းပြည်၊ ကျနော့် အသင်းဖော်တွေကို အစွမ်းကုန် ကူညီမှာပါ”လို့ ရေးသားခဲ့တာပါ။

နေမာဟာ ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေတာဖြစ်ပြီး ပွဲပေါင်း ၁၂၂ ပွဲ ကစားအပြီးမှာ ၇၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ နေမာဟာ အသက် ၃၀ အရွယ်သာ ရှိသေးပေမယ့် နောက်တစ်ကြိမ် ကျင်းပမယ့် ကမ္ဘာ့ဖလားဟာ သူ့အတွက် မသေချာတာကြောင့် ဒီကမ္ဘာ့ဖလားမှာ ချန်ပီယံဆုရယူဖို့ ပစ်မှတ်ထားနေတာပါ။

ဘရာဇီးလ်အသင်း နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဒါနီလိုကလည်း ခြေကျင်းဝတ် ထိခိုက်မှုကြောင့် လက်ကျန်အုပ်စု ၂ ပွဲ စလုံးမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဘရာဇီးလ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် တနင်္လာနေ့ မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal