CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁

ဆားဘီးယားကြယ်ပွင့် ဗလာဟိုဗစ်က အသင်းဖော်ရဲ့ ဇနီးသည်နဲ့ ဆက်ဆံမှုတွေကြောင့် အခုကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ပွဲကစားခွင့် နည်းပါးနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေဟာ အဓိပ္ပါယ်မရှိတဲ့ အရာတွေလို့ ပြောလိုက်ပါတယ်။

ဗလာဟိုဗစ်က “ အခု ကျနော့်ရဲ့ နာမည်က အလွဲသုံးစားလုပ်ခြင်း ခံနေရပါတယ်။ ဒါတွေက အားလုံးလည်း ဖတ် နေ၊ ကြားနေရတဲ့ အရာတွေပါ။ ဒီလို အဓိပ္ပါယ်မရှိတဲ့ အရာကို မှတ်ချက်ပေးဖို့တော့ မလိုအပ်ပါဘူး။ လုပ်ကြံနေတဲ့ ဇာတ်လမ်း အကြောင်းအရာတွေက တကယ်ကို ရယ်စရာကောင်းပါတယ်။ ကျနော်ကတော့ ကျနော့်ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် လိုအပ်မယ်ဆိုရင် တရားဥပဒေကပါ အရေးယူသွားမှာပါ။ ဒီလိုမျိုးဖြစ်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးဟာ ဆားဘီးယားအသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ် ၂ ပွဲစလုံးမှာ အရန်ခုံမှာသာ ရှိခဲ့ တာဖြစ်ပြီး ကင်မရွန်းနဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာဆိုရင် ပါဝင်ကစားရခြင်းတောင် မရှိပါဘူး။

အဲ့ဒါကြောင့် ဆားဘီးယား မီဒီယာတွေက ဗလာဟိုဗစ် ပွဲကစားခွင့်မရတဲ့ အကြောင်းအရင်းက အရန်ဂိုးသမား ရာဂျ့်ကိုဗစ်ရဲ့ ဇနီးသည်နဲ့ ဆက်ဆံတာမှာ မိသွားတာကြောင့်လို့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို ဗလာဟိုဗစ်က ငြင်းဆိုသွားခဲ့တာပါ။

ဗလာဟိုဗစ် သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ် 

ရာ့ဂျ်ကိုဗစ်ရဲ့ ဇနီးသည် အန်နာကာကစ်ကလည်း ဒီသတင်းတွေကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ အန်နာကာကစ်နဲ့ ရာ့ဂျ်ကိုဗစ်တို့ဟာ လက်တွဲခဲ့တာ ကာလကြာရှည်ရှိပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှာ လက်ထပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကလေး ၂ ဦး ရှိနေလာခဲ့ပါတယ်။

ဗလာဟိုဗစ်က သူဟာ အခုအချိန်မှာ အဆင်ပြေမှု မရှိသလို ခံစားနေရပေမယ့် အသင်းကို ကူညီနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နေတယ်လို့ ပြောခဲ့တာပါ။

ဗလာဟိုဗစ်က “ ကျနော်အဆင်သင့် မဖြစ်သေးတာကြောင့် ပွဲမကစားသေးတာပါ။ အခုအချိန်မှာတော့ ပိုကောင်း သထက် ပိုကောင်းလာပြီး လာမယ့်ပွဲအတွက် လုံးဝကို အာရုံစိုက်နေပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဗလာဟိုဗစ်ဟာ ဆားဘီးယားအတွက် ၁၈ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားပါတယ်။

ဆားဘီးယားအသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရမှသာ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Source: Daily Mail