CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄

ယူနိုက်တက်နဲ့ စပိန်အသင်း ကွင်းလယ်လူဟောင်း မာတာက ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီ အသင်းထံ ပြောင်းရွှေ့ခဲ့ ပြီးနောက် အသင်းနဲ့အတူ ဂျေလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောလိုက်ပါတယ်။

မာတာက “ဗစ်ဆဲလ်ကိုဘီအတွက် ပထမဆုံးလိဂ်ဖလားကို ရယူနိုင်ဖို့ ရည်မှန်းထားပြီး ဒီဆုဖလား ဆွတ်ခူးနိုင်ဖို့ အတွက် ကျနော် အကောင်းဆုံး လုပ်ဆောင်ပြီး အသင်းကို ကူညီပေးသွားမှာပါ။ ကျနော့်ရဲ့ ကစားသမားဘဝ အတွက် နောက်ထပ် ဆုဖလားနဲ့ ဂျပန်မှာ ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

မာတာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ တူရကီကလပ် ဂါလာတာစာရေး အသင်းကနေ ထွက်ခွာခဲ့ပြီး အရှေ့ အလယ်ပိုင်းဒေသက အသင်းတွေရဲ့ ချိတ်ဆက်မှု ခံခဲ့ရပေမယ့် ဗစ်ဆဲလ်ကိုဘီ အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ တာ ဖြစ်ပါတယ်။ 

မာတာကို တွေ့ရစဉ်

ဗစ်ဆဲလ်ကိုဘီအသင်းမှာ မာတာရဲ့ စပိန်လက်ရွေးစင် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ အင်နီယေစတာနဲ့ ဒေးဗစ်ဗီလာတို့လည်း ကစားခဲ့တာဖြစ်ပြီး အင်နီယေစတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ၅ နှစ်ကြာ ကစားခဲ့တဲ့ ဂျပန်ကလပ်ကနေ ထွက်ခွာခဲ့တာပါ။

အင်နီယေစတာဟာ ဗစ်ဆဲလ်ကိုဘီအသင်းမှာ ကစားခဲ့ချိန်က ဂျပန်ပြည်တွင်းဖလားဖြစ်တဲ့ အင်ပါယာဖလား ရယူပေးနိုင်ခဲ့ပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒေးဗစ်ဗီလာကတော့ ဗစ်ဆဲလ်ကိုဘီအသင်းမှာ ၂၀၁၉ ရာသီတစ်ရာသီသာ ကစားခဲ့တာပါ။

မာတာဟာ သြဂုတ် ၁၉ ရက်မှာ ကစားမယ့် ကာရှီးဝါးရေဆိုးလ်အသင်းနဲ့ ပွဲစဉ်မှသာ ဗစ်ဆဲလ်ကိုဘီအသင်း အတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖို့ ရှိနေပါတယ်။

ဗစ်ဆဲလ်ကိုဘီအသင်းဟာ လက်ရှိ ဂျေလိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာက ယိုကိုဟားမားအက်ဖ်မာရီနိုစ် အသင်းထက် ၂ မှတ်အသာနဲ့ အမှတ်ပေး ဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: bessoccer