CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အာဆင်နယ်အသင်းနဲ့ ပွဲမှာ ဆန်ချိုကို ချန်လှပ်ခဲ့တာဟာ လေ့ကျင့်ရေးကွင်းမှာ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့်လို့ ပြောခဲ့တဲ့အပေါ် ကစားသမားဖြစ်သူက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဆန်ချိုက “လူတွေရဲ့ လုံးဝမှန်ကန်မှုမရှိတဲ့ စကားတွေပြောနေတာကို ကျနော်ခွင့်မပြုပါဘူး။ ကျနော်ဟာ လေ့ကျင့် ရေးကွင်းမှာ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပေမယ့် ကျနော် မပါဝင်ခဲ့တဲ့ကိစ္စက တခြား အကြောင်းပြချက်တွေ ရှိမယ်လို့ ယုံကြည်ပါတယ်။ ကျနော်ဟာ မျက်နှာပေါ်မှာ အပြုံးတွေနဲ့ ဘောလုံးကစားပြီး အသင်းအတွက် အကျိုး ပြုချင်တာပါ။ နည်းပြအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်လေးစားပါတယ်။ ဘယ်လိုကိစ္စတွေပဲဖြစ်ဖြစ်ပါ ကျနော်ကတော့ ယူနိုက်တက်လိုဂိုအတွက် ဆက်ပြီးတိုက်ပွဲဝင်နေဦးမှာပါ”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆန်ချိုဟာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွက် ယူနိုက်တက်အသင်းရဲ့ ကစားသမား အယောက် (၂၀)စာရင်းထဲမှာ ချန်လှပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဆန်ချိုနဲ့အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

နည်းပြ အဲရစ်တန်ဟတ်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲအတွက် မရွေးခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်က “လေ့ကျင့်ရေးကွင်းက သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ကျနော်တို့ ဆန်ချိုကို မရွေးချယ်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းမှာ နေ့တိုင်းအဆင့်တစ်ခု ရောက်နေဖို့ လိုအပ်ပါတယ်။ ရှေ့တန်းအတွက် ရွေးချယ်မှုတွေ လုပ်လို့ရတာကြောင့် ဒီပွဲမှာ ကျနော်တို့ သူ့ကို မရွေးချယ်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ကစားခဲ့တဲ့ ပထမဆုံးနှစ်ရာသီမှာ ဂိုးပါဝင်ပတ်သက်မှု ၁၈ ဂိုး ပြုလုပ် နိုင်ခဲ့ပေမယ့် အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ၃ ပွဲမှာ ပွဲကစားချိန် ၇၆ မိနစ်သာ ရရှိထားပါတယ်။

ဆန်ချိုဟာ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ အန်တိုနီတို့ရဲ့ နောက်မှာသာ ပွဲကစားခွင့် ရနေတဲ့အပေါ် စိတ်ပျက်နေတာလည်း ဖြစ်ပါတယ်။

ဆန်ချိုအနေနဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ဝေဖန်မှုကို တုံ့ပြန်ခဲ့တာကြောင့် အသင်းက သူ့ကို စည်းကမ်းပိုင်းအရ အရေးယူဖွယ် ရှိ/မရှိတော့ စောင့်ကြည့်ရဦးမှာပါ။ 

အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က သူ့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေ ရှိခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာသာ ဆက်ပြီးရှိနေခဲ့တာ ဖြစ်ပါတယ်။

Source: Goal