CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ကျနော်ဟာ နိုင်ငံအသင်းနဲ့ ယူနိုက်တက်အတွက်ကိုပဲ အာရုံစိုက်နေပါတယ်။ ယူနိုက်တက်အသင်းမှာ ကျနော်တို့ဟာ လိုချင်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ကျနော်ကောလာဟလတွေကို မကြည့်သလို ဒါတွေကိုလည်း ဂရုမစိုက်ပါဘူး။ အခုက ကောလာဟလတွေကို ဖြန့်ရတာ အလွန်လွယ်ကူသွားပါပြီ။ ကျနော်ကတော့ ရည်မှန်းထားတဲ့အရာတွေကို အာရုံစိုက်ရတာ ပိုကြိုက်နှစ်သက်ပြီး ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေပါတယ်” လို့ Sport TV Portugal ကိုပြောခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ ဆော်ဒီကလပ်တွေရဲ့ ခေါ်ယူဖို့ ချိတ်ဆက်ခံနေရပြီး ယူနိုက်တက်အသင်းက ပေါ်တူဂီ ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ သတင်းတွေထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က ပေါင် ၄၇ သန်းနဲ့ စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းရဲ့ တရားဝင်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံထားရတာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီအစပိုင်းမှာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရတဲ့ ယူနိုက်တက်အသင်းနဲ့အတူ သူလည်း ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သူကတော့ အသင်းမှာရှိနေရတာ ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်အသင်းနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသေးပြီး နောက်ထပ် ၁ နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။ 

အသက် ၂၉ နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ၂၀၂ ပွဲပါဝင်ကစားထားပြီး ၆၈ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့နှစ်က ကာရာဘောင်းဖလားချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Metro