CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ဆော်ဒီမှာကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အလွန် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသွားကစားရတာကို အလွန်နှစ်သက်ပါတယ်။ ဒီပြိုင်ပွဲကို သွားဖို့ဆိုရင် ချန်ပီယံလိဂ်ဖလားကို ရအောင်ယူရပါမယ်။ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုရယူဖို့ ကြိုးစားရမှာကို အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ပွဲအချိန်ဇယားနဲ့ ရလဒ်တွေကို လက်ခံရမှာပါ။ မန်စီးတီးအသင်း အနေနဲ့ ပွဲတွေအနိုင်ယူဖို့အတွက် ကိုယ့်အပေါ်မှာပဲမူတည်တာပါ” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲအမှတ်လျော့ခဲ့ပြီးနောက် အဆင့် ၄ နေရာ မှာ ရပ်တည်ကာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘဲ ဒီဇင်ဘာ ၂၇ ရက်မှ ပြန်လည်ယှဉ်ပြိုင်နိုင်မှာပါ။ အဲဒါကြောင့် ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာမှာရှိတဲ့အသင်းနဲ့ မန်စီးတီး အသင်း ကြား အမှတ်ကွာဟမှုတွေပိုပြီး များလာနိုင်တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီဇင်ဘာ ၁၉ ရက်မှာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျပန်ကလပ် အူရာဝါရတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီဇင်ဘာ ၂၂ ရက်မှာတော့ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းလူစာရင်းမှာ ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းနဲ့ တိုက်စစ်မှူး ဟာလန်းတို့လည်းပါဝင်ခဲ့ပြီး ဒီ ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ သူ့ရဲ့နည်းပြဘဝမှာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ဘာစီလိုနာ အသင်းနဲ့ ၂ ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:DailyMail