CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ခြေထောက်ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ဟာလန်းအနေနဲ့ ဇန်နဝါရီမှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ အဲဗာတန်အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းက တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်နေတာပါ၊အသင်းနဲ့ လေ့ကျင့်မှုပြုလုပ်နေတာ မဟုတ်ပါဘူး။ ဟာလန်းရဲ့ နာကျင်မှုတွေက ဘယ်အချိန်မှ ပျောက်မလဲဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ ကျနော်တို့ကတော့ ဇန်နဝါရီမှာ သူပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာဝန်တွေအပေါ်မှာလည်း မူတည်ပါတယ်။ ဆရာဝန်တွေက မနက်တိုင်းလာပြီး ဒီကစားသမားကို အသုံးပြုလို့ ရပြီလို့ ပြောပေမယ့် ဒါကမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ မန်စီးတီးအသင်းက အဲဗာတန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာမပါဝင်နိုင်ခဲ့ပြီးနောက် အသင်းနောက်ဆုံးကစားထားတဲ့ ၆ ပွဲစလုံးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲမှာ အဲဗာတန်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ဖိုဒန်၊ အယ်လ်ဗားရက်ဇ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပေးခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းကတော့ မန်စီးတီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ နီးစပ်နေပြီး ဟတ်ဒါဖီးလ်စ်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်ဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပထမပိုင်းမှာလူစားလဲမှုပြုလုပ်ခဲ့ရတာပါ။ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာကတော့ ဂျွန်စတုန်းစ်ရဲ့ ဒဏ်ရာအခြေအနေကို အကဲဖြတ်ဖို့ စောလွန်းသေးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့ပြီးနောက် အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ် အကွာ အဆင့် ၄ နေရာမှာရပ်တည်နေပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲကစားဖို့ ကျန်ရှိနေသေးတာပါ။ မန်စီးတီး အသင်းဟာ ဒီဇင်ဘာ ၃၀ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:ESPN