CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ အသင်းခေါင်းဆောင် မက်ဆီ နိုင်ငံအသင်းကနေ အနားယူသွားခဲ့ရင် သူ့ရဲ့ ဂန္ထဝင် နံပါတ် ၁၀ ဂျာစီကို တစ်သက်တာ အနားပေးသွားမယ်လို့ ဥက္ကဋ္ဌဖြစ်သူ တာပီယာက ပြောလိုက်ပါတယ်။

တာပီယာက “မက်ဆီ နိုင်ငံအသင်းက အနားယူတဲ့အချိန်မှာ နံပါတ် ၁၀ ကို တခြားလူတွေကို ဝတ်ခွင့်ပေးမှာ မဟုတ်တော့ပါဘူး။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နံပါတ် ၁၀ ကို အနားပေးသွားမှာပါ။ ဒါဟာ သူ့အတွက် ကျနော်တို့ လုပ်ပေးနိုင်တဲ့ အနည်းဆုံးအရာပါ”လို့ ပြောခဲ့တာပါ။

သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ၃၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ အာဂျင်တီးနား အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင်ကစားပြီး ၁၀၆ ဂိုး သွင်းယူထားကာ နိုင်ငံအသင်းနဲ့ ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူထားတာပါ။ အဲ့ဒါကြောင့် မက်ဆီဟာ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနဲ့ အဆင့်အတန်းတူညီတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

မာရာဒိုနာနဲ့ မက်ဆီကို တွေ့ရစဉ်

မက်ဆီဟာ လက်ရှိအချိန်မှာ အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး နိုင်ငံအသင်းက အနားယူဖို့ နီးစပ်လာတာကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နံပါတ် ၁၀ ဂျာစီကို အနားပေးဖို့ စီစဉ်နေတာပါ။ 

အသက် ၁၈ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ နိုင်ငံအသင်းနဲ့ ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ Finalissima ၊ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာပေမယ့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲရဲ့ အုပ်စု A မှာ ပီရူး၊ ချီလီ၊ ကွန်ကာကပ်ဖ်ဇုန် ပလေးအော့ဖ်အဆင့်က အနိုင်ရတဲ့အသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။

Source: Daily Mail