CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈

နည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှူး မာရှယ်ကို ယူနိုက်တက်အသင်းအတွက် ပြန်လည်ရွေးချယ်ဖို့ မစဉ်းစားခင် ကြံ့ခိုင်မှုပိုင်း ကောင်းမွန်အောင် တစ်ဦးတည်းလေ့ကျင့်မှုလုပ်ဖို့ ညွှန်ကြားထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

မာရှယ်ဟာ ဖျားနာပြီးကတည်းက ယူနိုက်တက် အသင်းဖော်တွေနဲ့ လေ့ကျင့်မှု ပြုလုပ်ရခြင်း မရှိတော့သလို ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားတာပါ။ 

တိုက်စစ်မှူး မာရှယ်ဟာ ကြံ့ခိုင်မှုပြည့်ဝခြင်း မရှိသေးဘူးလို့ နည်းပြ အဲရစ်တန်ဟတ်က စပါးအသင်းနဲ့ သရေကျ ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်က ပြောထားပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ မာရှယ်ကို တစ်ဦးတည်း လေ့ကျင့်မှု ပြုလုပ်ခိုင်းတာဟာ စည်းကမ်းပိုင်းဆိုင်ရာကြောင့် မဟုတ်ဘဲ ကြံ့ခိုင်မှုပိုင်း အားနည်းနေတာကြောင့် အကောင်းဆုံးပုံစံ ပြန်ရအောင် ပြုလုပ်ခိုင်းတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ဟာ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကစားသမားတွေဆီကနေ ပြင်းထန်တဲ့ လုပ်အားနှုန်း တောင်းဆိုမှုတွေကြောင့် မာရှယ်ဟာ ယူနိုက်တက် အသင်းဖော်တွေနဲ့ အတူတွဲပြီး လေ့ကျင့်မှုပြုလုပ်ဖို့ မလုံ လောက်ဘူးလို့ ယူဆရပါတယ်။

မာရှယ်ကို တွေ့ရစဉ်

ယူနိုက်တက် ကစားသမား အများအပြားဟာ ပြီးခဲ့တဲ့လက ဖျားနာမှုဒဏ်ကို ခံစားခဲ့ရပါတယ်။ 

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ နိုရိုဗိုင်းရပ်စ်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့ပေမယ့် ရက် အနည်းငယ်အကြာ လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်လာတဲ့ ကစားသမားအတွက် တစ်ဦးချင်း လေ့ကျင့်မှုပြုလုပ်တာဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ဖြစ်ပေမယ့် မာရှယ်ကိုတော့ ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင် အချိန်အကြာကြီး ယူနေရတာပါ။

မာရှယ်ဟာ ဒီရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ထွက်ခွာရဖွယ် ရှိနေပါတယ်။ 

ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ မာရှယ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ရှိနေပေမယ့် ကစားသမားကတော့ သူ့ရဲ့နေရာကို ပြန်လည်ရယူနိုင်ဖို့ တိုက်ပွဲဝင်ချင်နေတာပါ။

၂၀၁၅ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာရှယ်ဟာ ယူနိုက်တက်အသင်းအတွက် ၃၁၇ ပွဲ ကစား ထားပြီး ဂိုး ၉၀ သွင်း ယူထားတာ ဖြစ်ပါတယ်။

Source: Daily Mail