CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၇

ဘရာဇီးလ်နိုင်ငံဟာ ပူးတွဲအိမ်ရှင်အဖြစ်ပြုလုပ်မယ့် နယ်သာလန်၊ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတို့ကို မဲအသာရပြီး ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိသွားပြီဖြစ်ပါတယ်။

မေ ၁၇ ရက်က ဘန်ကောက်မှာကျင်းပခဲ့တဲ့ ဖီဖာကွန်ဂရက်မှာ အဖွဲ့ဝင်တွေဟာ ၂၀၂၇ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲ အိမ်ရှင်အတွက် မဲပေးမှုပြုလုပ်ခဲ့တာမှာ ဘရာဇီးလ်နိုင်ငံက ၁၁၉ မဲရရှိခဲ့ပြီး နယ်သာလန်၊ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတို့က ၇၈ မဲရရှိခဲ့တာပါ။ 

အဲဒါကြောင့် ဘရာဇီးလ်နိုင်ငံဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိ သွားခဲ့တာဖြစ်ပါတယ်။ 

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကနိုင်ငံတစ်ခုက ပထမဆုံးအကြိမ် အိမ်ရှင် အဖြစ်လက်ခံကျင်းပမှာပါ။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “ဘရာဇီးလ်အတွက် ဂုဏ်ယူပါတယ်။ ကျနော်တို့ဟာ ဘရာဇီးလ်မှာ အကောင်းဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ဘယ်လ်ဂျီယံ၊နယ်သာလန်နဲ့ ဂျာမနီတို့ရဲ့ အိမ်ရှင်အဖြစ် ယှဉ်ပြိုင်မှု ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အိမ်ရှင်အဖြစ်လျှောက်ထားခဲ့တဲ့ ဘရာဇီးလ်နဲ့ BNG အဖွဲ့တို့ဟာ အိမ်ရှင်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိပေမယ့် ဖီဖာရဲ့ အကဲဖြတ်မှုစာရင်းမှာ ဘရာဇီးလ်နိုင်ငံဟာ အားကစားကွင်း၊နေရာထိုင်ခင်း၊ပရိသတ်ဇုန်နဲ့ သယ်ယူ ပို့ဆောင်ရေးလို နယ်ပယ်တွေမှာ ရမှတ်ပိုပြီးရရှိခဲ့တာပါ။ ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန် နဲ့ မက္ကဆီကိုနိုင်ငံတို့ဟာ ပူးတွဲအိမ်ရှင်အဖြစ်လျှောက်ခဲ့ပေမယ့် ၂၀၃၁ ပြိုင်ပွဲကို ပိုပြီးအာရုံစိုက်ချင်တာကြောင့် နုတ်ထွက်ခဲ့ပါတယ်။

၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ပြိုင်ပွဲကလိုပဲ ၃၂ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ ချန်ပီယံကတော့ စပိန်အသင်းဖြစ်ပါတယ်။

Source:BBC