CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၈

အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို အနိုင်ရခဲ့တဲ့ ရာသီနောက်ဆုံးပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းစံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်သွင်းဂိုး ၃၅ ဂိုးအထိ ရှိခဲ့တာပါ။ 

အဲဒါကြောင့် ရော်နယ်ဒိုဟာ မော်ရိုကိုတိုက်စစ်မှူး ဟမ်ဒယ်လာရဲ့ ဆော်ဒီပရိုလိဂ် တစ်ရာသီ ဂိုးသွင်းအများဆုံး စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်နာဆာအသင်း တိုက်စစ်မှူးဟောင်း ဟမ်ဒယ်လာဟာ ၂၀၁၈-၁၉ ရာသီက ၃၄ ဂိုးသွင်းပြီး ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ စံချိန်တင်ထားတာပါ။

ရော်နယ်ဒိုဟာ ဟမ်ဒယ်လာရဲ့ စံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့သလို ဒီရာသီ အမှတ်ပေးလိဂ်မှာ ၁၁ ဂိုး ဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ယူနိုက်တက်အသင်းက ထွက်ခွာပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အသင်းအတွက် ၆၉ ပွဲ ပါဝင်ကစားပြီး ၆၄ ဂိုး သွင်းယူထားတာပါ။

ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ခဲ့တာကြောင့် မတူညီတဲ့ နိုင်ငံ ၄ ခုက လိဂ်တွေမှာ ရွှေဖိနပ်ဆုရယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ရာသီနောက်ဆုံးပွဲစဉ်မှာ အနိုင်ရခဲ့ပေမယ့် အမှတ်ပေးဇယားအဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁၄ မှတ်အကွာ အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာပါ။ 

အယ်လ်ဟီလယ်အသင်းကတော့ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ 

အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ဟာ ရာသီပိတ် နောက်ဆုံးပွဲစဉ်အဖြစ် ဘုရင့်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဒီပွဲစဉ်ကို မေလ ၃၁ ရက်မှာ ကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Source: BBC