CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၂

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ပြင်သစ်အသင်းနဲ့ ပွဲစဉ်မှာ သူတို့ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ အပေါ် ဒိုင်လူကြီး အမှားအယွင်း ပြုလုပ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ရော်နယ်လ်ကိုးမန်းက “ဒွန်ဖရိုင်းစ် အနေအထားက လူကျွံဘောဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သူဟာ ဂိုးသမားကို အနှောင့်အယှက် မပေးပါဘူး။ ကျနော့် အမြင်မှာတော့ ဒါဟာ တရားဝင် သွင်းဂိုးတစ်ခုပါ။ ဒါကို စစ်ဆေးမှုပြုလုပ်ဖို့ မိနစ်ကြာတဲ့အပေါ်မှာ ကျနော် နားမလည်နိုင်ပါဘူး။ သူဟာ ဂိုးသမားကို အနှောင့်အယှက် မပေးခဲ့ပါဘူး”လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

နယ်သာလန်အသင်းနဲ့ ပြင်သစ်အသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၇၀ မှာ နယ်သာလန်အသင်းအတွက် ဇာဗီဆိုင်မွန်က ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် စည်းကြပ်ဒိုင်နဲ့ VAR တို့က လူကျွံတယ်ဆိုပြီး သတ်မှတ်ခဲ့တာကြောင့် အင်္ဂလန်ဒိုင်လူကြီး အန်တိုနီတေလာဟာ နယ်သာလန်အသင်း သွင်းယူတဲ့ဂိုးကို ခွင့်မပြုခဲ့တာပါ။ 

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းဟာ ဒီအဖြစ်အပျက်ရဲ့ ပုံရိပ်တွေကို ကြည့်ရှုခဲ့အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို သဘောမတူညီခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်အသင်း ယှဉ်ပြိုင်နေစဉ်

ဒါပေမယ့် ရော်နယ်လ်ကိုးမန်းက သရေရလဒ်ဟာ ၂ သင်းစလုံးအတွက် ကျေနပ်စရာ ရလဒ်ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။ 

နယ်သာလန်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ဂိုးမရှိ သရေရလဒ်ဟာ ယူရို ၂၀၂၀ အုပ်စုပွဲစဉ်ဖြစ်တဲ့ စကော့တလန် အသင်းနဲ့ အင်္ဂလန်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ယူရိုပြိုင်ပွဲမှာ ပထမဆုံး ဂိုးမသွင်းယူနိုင်တဲ့ ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။ 

၂ သင်းစလုံးဟာ ဒီရလဒ်ကြောင့် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်စီ ရရှိထားကြတာပါ။

အုပ်စုနောက်ဆုံး ပွဲစဉ်တွေအဖြစ် ဇွန်လ ၂၅ ရက်မှာ ပြင်သစ်အသင်းနဲ့ ပိုလန်အသင်း၊ နယ်သာလန်အသင်းနဲ့ သြစတြီးယားအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source: CNA