CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁

အီတလီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာ ခဲ့ရပေမယ့် နည်းပြ စပယ်လက်တီဟာ စီစဉ်ထားတဲ့အတိုင်း ၂၀၂၆ ခုနှစ်အထိဆက်ရှိမယ်လို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂရာဗီနာက အတည်ပြုခဲ့ပါတယ်။

ဂရာဗီနာက “ကျနော်နည်းပြနဲ့ စကားအကြာကြီးပြောခဲ့ပြီး နှစ်ရှည်ပရောဂျက်ကို စွန့်လွှတ်ကာ ပြဿနာတွေကို ဖြေရှင်းဖို့ တွေးစရာမဟုတ်ဘူးလို့ထင်ပါတယ်။ ၈ လ၊ ၉ လကြာပြီးနောက် ဒီပရောဂျက်ကို မစွန့်လွှတ်နိုင်ပါဘူး။ ၉ ပွဲ ဒါမှမဟုတ် ၁၀ ပွဲလောက်တာဝန်ယူရတဲ့ နည်းပြဟာ ဒီပရောဂျက်အတွက် အဓိကကျပြီး သူဟာ ကစားသမား တွေအားလုံးကို အမြဲတမ်းမရရှိနိုင်ပါဘူး။ စပယ်လက်တီကို ကျနော်တို့ ယုံကြည်မှုရှိပါတယ်။ စိန်ခေါ်မှုအသစ် ရှိနေပြီဖြစ်လို့ သူအလုပ်လုပ်ရမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အီတလီအသင်းဟာ ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ 

စပယ်လက်တီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်ကမှ ထွက်ခွာသွားတဲ့ နည်းပြ မန်စီနီရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး အီတလီအသင်းနည်းပြသစ်အဖြစ် ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

အသက် ၆၅ နှစ်အရွယ်ရှိ စပယ်လက်တီဟာ အီတလီအသင်းကို ၁၄ ပွဲသာကိုင်တွယ် ထားရသေးပြီး ဒီပွဲတွေမှာ ၇ ပွဲနိုင်ပွဲ ရယူပေးထားနိုင်ခဲ့ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက စီးရီးအေကလပ်အသင်းတွေဟာ အီတလူငယ်ကစားသမားတွေကို လုံလောက်တဲ့ နေရာမပေးတဲ့အတွက် စိုးရိမ်မှုရှိနေတာပါ။ 

အီတလီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိလို့ ဝင်ရောက် မယှဉ်ပြိုင် နိုင်ခဲ့ပါဘူး။ 

အဲဒါကြောင့် စပယ်လက်တီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီအသင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ လုပ်ဆောင်ပေးရမှာပါ။ 

အီတလီအသင်းဟာ စက်တင်ဘာထဲမှာ UEFA နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ပြင်သစ်၊အစ္စရေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

Source:ChannelNewsAsia