CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅

ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီက ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ခင်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရတာကို ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။

ဘတ်ပီက “ကစားသမား တစ်ဦးအနေနဲ့ ခရစ္စတီယာနိုဟာ ကျနော် အမြဲတမ်း လေးစားရတဲ့သူပါ။ သူနဲ့ အကြိမ် ပေါင်းများစွာ စကားပြောဆိုခွင့်ရခဲ့ပြီး အခုထိလည်း အဆက်အသွယ် ရှိနေတုန်းပါပဲ။ သူဟာ ကျနော့်ကို အကြံတွေ ပေးဖို့ အမြဲတမ်းကြိုးစားနေပြီး ဘောလုံးလောကမှာ သူလုပ်ခဲ့တဲ့ အရာတွေကြောင့် သူနဲ့ရင်ဆိုင် ကစားရတာဟာ ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ။ သူဟာ အမြဲတမ်း ဂန္ထဝင်တစ်ဦးအဖြစ် ရှိနေမှာပါ။ ဒါပေမယ့် ကျနော်တို့ အနိုင်ရ ပြီး ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့ပါတယ်။

ဘတ်ပီဟာ ရော်နယ်ဒိုရဲ့ ပရိသတ်ဖြစ်ပြီး ရီးရယ်လ်အသင်းကို ပြောင်းရွှေ့တဲ့ အပြောင်းအရွှေ့ ကြေညာချိန်မှာ ၂၀၁၂ ခုနှစ်က ရီးရယ်လ်အသင်း လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုနဲ့ သူတွေ့ဆုံခဲ့တဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

ဘတ်ပီနဲ့ ရော်နယ်ဒိုတို့ဟာ နောက်ပိုင်းနှစ်တွေမှာ ပြိုင်ဘက် ကစားသမားတွေအဖြစ် အကြိမ်ကြိမ် ထိပ်တိုက် တွေ့ဆုံမှုရှိခဲ့ပြီး အခုတစ်ကြိမ် ထပ်မံတွေ့ဆုံရမယ့်အပေါ်မှာ ဘတ်ပီက ဂုဏ်ယူနေတာပါ။ 

ရော်နယ်ဒိုနဲ့ဘတ်ပီကို တွေ့ရစဉ်

ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ရော်နယ်ဒိုအတွက် နောက်ဆုံး ယူရိုပြိုင်ပွဲဖြစ်တာကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ သူတို့ ၂ ဦးအတွက် ယူရိုပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ဒါအပြင် ဘတ်ပီက ရော်နယ်ဒိုကို ပြိုင်ဘက်ကင်းတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပြီး သူဟာ ရီးရယ်လ်အသင်းနဲ့ စတင်ချိန်မှာ သူ့ရဲ့ကိုယ်ပိုင် လမ်းကြောင်းအတိုင်းသာ သွားမယ်လို့ ပြောခဲ့တာပါ။

ဘတ်ပီက “ရော်နယ်ဒိုက ပြိုင်ဘက်ကင်းပြီး သူ့လို ကစားသမားမျိုးလည်း ရှိလာမှာ မဟုတ်ပါဘူး။ ကျနော်ဟာ ရီးရယ်လ်အသင်းမှာ ခရစ္စတီယာနို ကျန်ရှိခဲ့တဲ့ ဇာတ်လမ်းကို ဆက်ပြီးရေးဖို့ သွားတာ မဟုတ်ဘူးဆိုတာ သေချာ ပါတယ်။ သူဟာ ဘောလုံးသမိုင်းမှာ သူ့ရဲ့အမှတ်အသားကို ချန်ထားပြီးပါပြီ။ သူဟာ မျိုးဆက် အများအပြားကို လှုံ့ဆော်ခဲ့ ပြီး သွင်းဂိုးတွေရော ဆုဖလားတွေရော အများကြီးရရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၆ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။

Source: bbc