CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ကို အသင်းမှာ ၂၀၂၆ ခုနှစ်အထိရှိမယ့် ၁ နှစ်စာချုပ် သက်တမ်း တိုးလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။

မန်ချက်စတာကလပ်ဟာ အဲရစ်တန်ဟတ်ကို လာမယ့်ရာသီ အသင်းကို ဆက်ပြီးကိုင်တွယ်စေဖို့ ဆုံးဖြတ်ပြီး နောက်မှာ စာချုပ်သက်တမ်း တိုးခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ အစောပိုင်းက ယူနိုက်တက်အသင်းက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက FA ဖလား ရယူပေးနိုင်ခဲ့တာကြောင့် အသင်းဘက်က သူ့ကိုဆက်ပြီး ကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့ တာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်က “အသင်းနဲ့ဆက်ပြီး လက်တွဲလုပ်ဆောင်ဖို့ သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ကျနော် အလွန် ဝမ်းသာပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီကို ပြန်ကြည့်ရင် ဆုဖလား ၂ ခုရယူနိုင်ခဲ့ပြီး တိုးတက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်နဲ့ ဥရောပဆုဖလားတွေကို စိန်ခေါ်နေတဲ့ ယူနိုက်တက်ရဲ့မျှော်မှန်းထားတဲ့ အဆင့်ကိုရောက်ရှိဖို့ အတွက် အလုပ်တွေအများကြီး ကျန်ရှိနေသေးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရပါမယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာအသစ် ဒန်အက်ရှ်ဝါ့က အဲရစ်တန်ဟတ်ဟာ အသင်းအတွက် မှန်ကန် တဲ့ နည်းပြဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

အဲရစ်တန်ဟတ်ဟာ ရာသီသစ် မတိုင်ခင်မှာ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို အပြောင်းအလဲလုပ်ဖို့ လုပ်ဆောင်နေပြီး ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းနဲ့ ဟာကီတို့ကို နည်းပြအဖွဲ့ဝင်အဖြစ် ထည့်သွင်းဖို့ ရှိနေ တာပါ။ 

၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ လက်ရှိအချိန်ထိ အသင်းကို ၁၁၄ ပွဲ ကိုင်တွယ်ထားပြီး ၆၆ ပွဲအနိုင်ရကာ ၁၇ ပွဲသရေနဲ့ ၃၁ ပွဲရှုံးနိမ့်ထားတဲ့ ရလဒ်ထွက်ပေါ်ထားပြီး ကာရာဘောင်း ဖလားနဲ့ FA ဖလားရယူပေးထားပါတယ်။

ယူနိုက်တက်အသင်းဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေကို စတင်တော့မှာဖြစ် ပြီး ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ရိုဆင်ဘော့၊ ရိန်းဂျားစ်၊ အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးလ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: ESPN