CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅

အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် တက်နိုင်အောင် ပင်နယ်တီ အဆုံးအဖြတ်မှာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ အီမီမာတီနက်ဇ်က သူဟာ အိမ်ပြန်ဖို့အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။

အီမီမာတီနက်ဇ်က “ကျနော်အိမ်ပြန်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သူတို့ကို ပြောခဲ့ပါတယ်။ သူတို့ကလည်း အဆင်သင့် မဖြစ်သေးပါဘူး။ ကျနော်တို့ဟာ ကမ္ဘာနဲ့တောင်အမေရိကရဲ့ ချန်ပီယံတွေပါ။ အဲဒါကြောင့် အသင်းဟာ ဆက်ပြီးသွားဖို့ ထိုက်တန်ပါတယ်။ လူတွေကြည့်ချင်တဲ့ပွဲမျိုးကို ကျနော်တို့ မပေးနိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကျနော်တို့ အနိုင်ရရှိခဲ့ပါတယ်”လို့ ပွဲအပြီး အကောင်းဆုံး ကစားသမားဆု ယူအပြီးမှာ ပြောခဲ့တာပါ။

အာဂျင်တီးနားအသင်းနဲ့ အီကွေဒေါအသင်းတို့ရဲ့ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ 

ပင်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီ ပင်နယ်တီ လွဲခဲ့ပေမယ့် ဂိုးသမား အီမီမာတီနက်ဇ်ဟာ အီကွေဒေါအသင်းရဲ့ ပင်နယ်တီကန်သွင်းမှု ၂ ကြိမ်ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ 

အီမီမာတီနက်ဇ်ကို တွေ့ရစဉ်

အဲဒါကြောင့် အာဂျင်တီးနားအသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ အီကွေဒေါအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ အပါအဝင် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတဲ့ ၄ ပွဲစလုံး အီမီမာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အီမီမာတီနက်ဇ်က သူဟာ ပင်နယ်တီအတွက် တစ်နေ့ကို အကြိမ် ၅၀၀ လောက် လေ့ကျင့်မှု ပြုလုပ်တယ်လို့ ပြောခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်း ကွင်းလယ်လူ ဒီပေါလ်က အီမီမာတီနက်ဇ်ဟာ အသင်းအတွက် အရေးကြီးတဲ့ အချိန်တိုင်း အမြဲရှိနေတယ်လို့ ချီးကျူးခဲ့ပါတယ်။

အီကွေဒေါအသင်းကို အနိုင်ရခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကနေဒါနဲ့ ဗင်နီဇွဲလားအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: CNA