CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၁

အာဂျင်တီးနားအသင်းဟာ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲအတွက် ကစားသမား ၂၉ ဦးပါ လူစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ဇွန်လ ၉ ရက်မှာ အီကွေဒေါ၊ ၁၄ ရက်မှာ ဂွါတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာပါ။ 

အာဂျင်တီးနားအသင်းဟာ ဒီလူစာရင်းထဲမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမား ၂၆ ဦး ထဲက ၂၂ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ဘားလား၊ ဂျူအန်ဖွိုက်နဲ့ အယ်လ်မာဒါတို့ကတော့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။ 

ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနေတဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုဟာ အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၂၉ ဦးစာရင်းမှာ ပါဝင်လာခဲ့ပြီး လာမယ့်ခြေစမ်းပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ကာ ကိုပါအမေရိကဖလား ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကို တွေ့ရစဉ်
 
ကိုပါအမေရိကဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံအသင်းတွေဟာ သူတို့ရဲ့နောက်ဆုံး လူစာရင်းကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ပြိုင်ပွဲကျင်းပရေးထံ တင်သွင်းရမှာပါ။ 

ပြိုင်ပွဲဝင်အသင်းတွေကို ကစားသမား ၂၃ ဦးကနေ ၂၆ ဦးအထိ ရွေးချယ်ခွင့်ပြုခဲ့တာကြောင့် အာဂျင်တီးနားအသင်း ဟာ လက်ရှိရွေးချယ်ထားတဲ့ ကစားသမား ၂၉ ဦးထဲက ၃ ဦးကို လျှော့ချရမှာဖြစ်ပါတယ်။ 

ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စု A မှာ ကနေဒါ၊ ချီလီ၊ ပီရူးတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ 

ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၂၀ ရက်မှာ ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN