CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့က နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပေမယ့် မခေါ်ယူနိုင်ခဲ့ရင် အံ့သြစရာဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။

အာနီဆလော့က “အပြောင်းအရွှေ့သတင်းတွေရှိရင် ခင်ဗျားတို့ကို ပြောမှာပါ။ ဒါပေမယ့် ကျနော်တို့မှာ အလွန် ကောင်းမွန်တဲ့အသင်းရှိနေပြီး ဒီအတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ ဘယ်ကစားသမားကိုမှ မခေါ်နိုင်ခဲ့ရင် ကျနော်တို့အားလုံးအတွက် အံ့သြစရာဖြစ်လာမှာပါ။ ဒါကြောင့် အဆုံးသတ်မှာ ခေါ်ယူမှုတွေက ဖြစ်လာနိုင် ပါတယ်။ အခုအချိန်မှာ ကစားသမားတွေပြန်လာဖို့ စောင့်ဆိုင်းနေသလို မှန်ကန်တဲ့သူကို လက်မှတ်ထိုးဖို့ စောင့်ဆိုင်းနေပါတယ်”လို့ ပြောခဲ့တာပါ။

ရာသီသစ်ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ဖို့ ရက်သတ္တပတ်အနည်းငယ်ပဲ လိုတော့တဲ့အချိန်မှာ လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့လှုပ်ရှားမှု ငြိမ်သက်နေတာဖြစ်ပါတယ်။ 

အဲဒါကြောင့် လီဗာပူးလ် အသင်းပရိသတ်အချို့ဟာ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် စိုးရိမ်မှုတွေရှိနေသလို နည်းပြသစ် အာနီဆလော့ကလည်း ကစားသမားသစ်တွေခေါ်ယူချင်တယ်လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ လက်ရှိ အချိန်မှာ အဓိက ကစားသမားအများစုမပါဝင်ဘဲ ရာသီသစ်အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။

အလီဆန်၊ဗန်ဒိုက်၊ဒါဝင်နူနက်ဇ်၊အာနိုးလ်နဲ့ မက်အယ်လစ္စတာတို့ဟာ နိုင်ငံအသင်းတွေနဲ့ ယှဉ်ပြိုင်ထားလို့ အနားယူအပန်းဖြေနေသလို ဂရာဗန်ဘာ့ချ်၊ ကိုနာတေးတို့ဟာ မကြာခင်မှာ အသင်းနဲ့ ပူးပေါင်းဖို့ ရှိနေတာပါ။ 

နောက်ခံလူ ရောဘတ်ဆန်ကတော့ အသေးစားဒဏ်ရာကြောင့် ခြေစမ်းပွဲတွေကို လွဲချော်မှာဖြစ်ပြီး ပရီးမီးယား လိဂ်အဖွင့်ပွဲစဉ်မှသာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။ 

လီဗာပူးလ် အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ဘက်တစ်၊အာဆင်နယ်၊ ယူနိုက်တက် အသင်းတို့နဲ့ ယှဉ်ပြိုင်မှာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် သြဂုတ် ၁၁ ရက် အန်ဖီးလ် မှာ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source:Goal