CNI Sport News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ဟာ ဘာစီလိုနာအသင်း နည်းပြသစ်အဖြစ် တရားဝင် မိတ်ဆက်ခံရပြီးနောက် အသင်းဟာ သူထင်ထားတာထက် ပိုကြီးမားတယ်လို့ ပြောခဲ့ပါတယ်။

ဟန်ဆီဖလစ်က “ဒီအသင်းဟာ မယုံနိုင်စရာကောင်းတဲ့ အသင်းဖြစ်ပြီး ကျနော် ထင်ထားတာထက် ပိုကြီးမားပြီး အံ့သြစရာကောင်းတဲ့ ကလပ်ပါ။ ဆုဖလားတွေ ရယူနိုင်ဖို့ဆိုရင် ဒီလိုကြီးမားတဲ့ အသင်းတွေနဲ့သာ ရယူနိုင်တာ ကြောင့် ကျနော်ဒီနေရာမှာ ရှိနေတာပါ။ ဒါက ကျနော်တို့ ဆုဖလားတိုင်းကို ရယူမယ်လို့ မပြောပေမယ့် ကျနော်တို့ ကြိုးစားမယ်ဆိုရင် အောင်မြင်ဖို့အတွက် ရွေးချယ်ခွင့်တွေရှိပါတယ်။ ကျနော်ကတော့ ဒီလိုမျိုးလုပ်နိုင်ဖို့ မျှော်လင့် တယ်”လို့ ပြောပါတယ်။

ဟန်ဆီဖလစ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့တဲ့ နည်းပြဟောင်း ဇာဗီရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ကာ အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူမှာ ဖြစ်ပါ တယ်။ 

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရလို့ ဟန်ဆီဖလစ်အနေနဲ့ ရာသီသစ်မှာ ဆုဖလားတွေ ရယူပေးနိုင်ဖို့ ကိုင်တွယ်ရတော့မှာပါ။ 

ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ်ကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘဏ္ဍာရေး အခက်အခဲတွေ ကြုံတွေ့ခဲ့ရပေမယ့် ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေဟာ တိုးတက်လာပြီဖြစ်လို့ နာမည်ကြီး ကစားသမားတွေကို ခေါ်ယူနိုင်စွမ်းရှိတယ်လို့ ပြောခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယံစ်ကို စာချုပ်ဖျက်သိမ်း ကြေး ယူရို ၅၈ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေသလို ကွင်းလယ်လူ တစ်ဦးကိုလည်း ပစ်မှတ်ထားနေတာပါ။ 

ဟန်ဆီဖလစ်ကတော့ နီကိုဝီလီယံစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ သူဟာ အခြားအသင်းနဲ့ စာချုပ်ရှိတဲ့ သူလို့ ဖြေသွားခဲ့ပါတယ်။ 

ဒါအပြင် ဇွန်လ ၃၀ ရက်က စာချုပ်ကုန်ဆုံးခဲ့တဲ့ အသင်းခေါင်းဆောင် ရောဘတ်တိုဟာ လက်ရှိအချိန်မှာ သူတို့ရဲ့ ကစားသမား မဟုတ်ဘူးလို့လည်း ဟန်ဆီဖလစ်က ပြောခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံမှာ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် မန်စီးတီး၊ ရီးရယ်လ်၊ အေစီမီလန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: ESPN