CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၇

နောက်ခံလူ မက်ဂွဲယားက နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်ထင်ကြေးတွေက ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည်ပုံစံကို ထိခိုက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မက်ဂွဲယားက "ဒါက ရာသီတစ်လျှောက်လုံး ကျနော်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကို အနည်းငယ် ထိခိုက်စေခဲ့ တာ ဖြစ်နိုင်ပါတယ်။ ခရစ္စမတ် ကာလဝန်းကျင်မှာ ဒါကဖြစ်ပျက်ခဲ့ပါတယ်။ ဒါပေမယ့် ဒါကိုကိုင်တွယ်သွားခဲ့တဲ့ နည်းပြကို အသိအမှတ်ပြုချင်ပါတယ်။ သူဟာ လက်ရှိဥရောပရဲ့ အကောင်းဆုံးအသင်းကို အနိုင်ရအောင် ကိုင်တွယ်သွားနိုင်ခဲ့ပါတယ်"လို့ အမေရိကန်ခရီးစဉ်အစ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့ပြီး အဆင့် ၈ နေရာနဲ့ ရာသီ အဆုံးသတ်နိုင်ခဲ့ပေမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါဟာ အဲရစ်တန်ဟတ်အတွက် ယူနိုက်တက်အသင်းနည်းပြဘဝ ဒုတိယရာသီမှာ ရရှိခဲ့တဲ့ ဒုတိယမြောက် ဆုဖလားလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အဲရစ်တန်ဟတ်ဟာ ရာသီတစ်လျှောက်လုံးအပြင် ရာသီကုန်ဆုံးချိန်မှာလည်း ထုတ်ပယ်ခံရမယ့် သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မက်ဂွဲယားကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ရဲ့ နေရာမှာ အစားထိုးဖို့ တူချယ်လ် အပါအဝင် နည်းပြအချို့နဲ့ စကားပြောဆိုမှုတွေရှိခဲ့ပေမယ့် နောက်ဆုံးမှာ ဒတ်ချ်လူမျိုးကိုပဲ အသင်းမှာ ဆက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ၂၀၂၆ ခုနှစ်အထိရှိမယ့် စာချုပ်သက်တမ်းတိုးခဲ့ပြီး ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မက်ဂွဲယားက ယုံကြည်ခဲ့ပါတယ်။ 

မက်ဂွဲယားဟာ ဒဏ်ရာတွေကြောင့် FA ဖလားဗိုလ်လုပွဲနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို လွဲချော်ခဲ့ရတာပါ။ 

ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံလူဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ် ရှိတယ်လို့ သတင်းထွက် နေပေမယ့် သူကတော့ ဒီမှာဆက်ပြီးရှိကာ ဆုဖလားအောင်မြင်မှုတွေ ထပ်ပြီး ရယူချင် တယ်လို့ ပြောခဲ့ပါတယ်။

မက်ဂွဲယားနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ၁ နှစ် သက်တမ်း တိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။ 

Source: ESPN