CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၇

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာက မန်စီးတီးအသင်းနဲ့ နောက်ထပ်စာချုပ် သက်တမ်းတိုးဖို့ကို သူ့ဘက်က ငြင်းဆန်ထားတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက "ကျနော်ဟာ မန်စီးတီးမှာ ၈ နှစ်ကြာရှိခဲ့ပြီးဖြစ်လို့ နောက်ထပ် ၈ နှစ်တော့ ဒီမှာရှိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဆက်ရှိဖို့ထက် ထွက်ခွာဖို့က ပိုပြီးနီးစပ်လာပါပြီ။ ဒါပေမယ့် ထွက်ခွာမယ်ဆိုပြီး ကျနော် မပြောခဲ့ပါ ဘူး။ ကျနော် ထွက်မယ်ဆိုရင် ထွက်မယ်လို့ပြောမှာ ဖြစ်ပေမယ့် ဒါကို ကျနော် မပြောခဲ့ပါဘူး။ စာချုပ်သက်တမ်း တိုးဖို့ကိုလည်း ငြင်းဆန်ထားခြင်းမရှိဘူး"လို့ ပြောခဲ့တာပါ။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ သူထွက်ခွာနိုင်တယ်လို့ ပြီးခဲ့တဲ့ ရာသီက ပြောခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် မန်စီးတီးအသင်းရဲ့ အမေရိကန် ရာသီကြို ခရီးစဉ်မှာတော့ ဂွာဒီယိုလာက သူဒီမှာ ဆက်နေဖို့ ဆုံးဖြတ်နိုင်တယ်လို့ ပြောခဲ့တာပါ။ 

ဂွာဒီယိုလာကို တွေ့ရစဉ်

ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းကို ၄ ရာသီ၊ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ရာသီ ကိုင်တွယ်ခဲ့ပေမယ့် မန်စီးတီး အသင်းနဲ့ ၉ ရာသီမြောက်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က မန်စီးတီးအသင်းကို ရောက်ရှိခဲ့တဲ့ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ဖလား အပါအဝင် ဆုဖလား အများအပြား ရယူပေးထားနိုင်ခဲ့တာပါ။ 

ဂွာဒီယိုလာဟာ နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်ချင်တယ်လို့ ပြောထားတာကြောင့် အင်္ဂလန်အသင်းဟာ သူ့ကို မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ စောင့်ဆိုင်းနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးနိုင်တာကြောင့် အင်္ဂလန်အသင်းရဲ့ မျှော်လင့် ချက်တွေ ထိခိုက်လာနိုင်တာပါ။

မန်စီးတီးအသင်းဟာ ဇူလိုင် ၂၈ ရက်မှာ အေစီမီလန်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: ESPN