CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀

အမေရိကန်အိုးပန်းပြိုင်ပွဲအပြီးမှာ ကစားသမားဘဝက အနားယူဖို့ စီစဉ်ထားတဲ့ ဆရီနာဝီလျံဟာ အဲဒီပြိုင်ပွဲရဲ့ ပထမအဆင့်မှာ မွန်တီနီဂရိုးတင်းနစ်မယ် ကိုဗီနစ်ကို အနိုင်ရရှိသွားခဲ့ပါတယ်။

တင်းနစ်အကျော်အမော် ဆရီနာဝီလျံဟာ ကိုဗီနစ်ကို ၆-၃၊ ၆-၃ နဲ့ ၂ ပွဲပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီပွဲကို ပရိသတ် အများအပြား တက်ရောက်ကြည့်ရှုကာ အမေရိကန်တင်းနစ်မယ်ကို ဂုဏ်ပြုခဲ့ကြတာပါ။ဆရီနာဝီလျံဟာ ဒုတိယ အဆင့်မှာ အက်စ်တိုးနီးယားတင်းနစ်မယ် ကွန်တာဗိတ်နဲ့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဂရမ်းဆလမ်း ချန်ပီယံဆု ၂၃ ကြိမ်ရရှိထားတဲ့ ဆရီနာဝီလျံဟာ ညီမဖြစ်သူ ဗီးနပ်စ်ဝီလျံနဲ့ နှစ်ယောက်တွဲပြိုင်ပွဲမှာပါ ပါဝင်ကစား ဖို့ စီစဉ်ထားတာပါ။

ဒီလိုအချိန်မျိုးမှာ သူမရဲ့အစီအစဉ်တွေကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုပြီး ဆရီနာဝီလျံဟာ မေးမြန်း ခံခဲ့ရပါတယ်။သူမက “အပြင်မှာနေရတာကို သဘောကျတဲ့အတွက် ဒါဟာ ခက်ခဲနေတုန်းပါပဲ။ဒါပေမယ့် နောက် တစ်ခုကို တိုးတက်ပြောင်းလဲနိုင်ဖို့ အခု ကျမအတွက် အချိန်ရောက်ပြီဆိုတာ ရှင်တို့သိပါတယ်။ တခြားလုပ်ချင် တာတွေလည်း အများကြီးရှိလို့ ဒါဟာ အရေးကြီးတယ်လို့ ထင်တယ်” လို့ ဖြေခဲ့ပါတယ်။

ဆရီနာဝီလျံရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်တာကြောင့် လက်မှတ်ရောင်းချမှုမြင့်တက်ခဲ့ပြီး အမေရိကန်အိုးပန်းအဖွင့်ပွဲမှာ ပရိသတ်ပေါင်း ၂၉,၄၀၂(နှစ်သောင်းကိုးထောင်လေးရာနှစ်ဦး) စံချိန်တင်လာရောက် အားပေးခဲ့တာပါ။ဆရီနာဝီလျံ က “လမ်းလျှောက်ပြီး ဝင်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ ဧည့်ခံမှုက အံ့မခန်းပါပဲ။အသံတွေဟာ ကျယ်လောင်နေ ပြီး ဒါဟာ ဘယ်တော့မှ မေ့မရနိုင်တဲ့ခံစားချက်ပါ။အဓိပ္ပါယ်အများကြီးရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

ပွဲအပြီးမှာ ပရိသတ်တွေက သူမကိုချစ်တဲ့အကြောင်းကို စာရွက်စာတမ်းတွေ ကိုင်ဆောင်ကာ ဖော်ပြခဲ့ကြတာပါ။ ဒီပွဲကို ဆရီနာဝီလျံရဲ့သမီးဖြစ်သူ အိုလံပီယာက မိခင်ဖြစ်သူ ၁၉၉၉ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ အနိုင်ရခဲ့တုန်းက ဝတ်ဆင်ထားတဲ့ ပုံစံအတိုင်းဝတ်ဆင်ထားပြီး ဖခင်ဖြစ်သူ အလက်ဆစ်နဲ့အတူ ရှေ့ဆုံးတန်းမှာ ထိုင်ကာ မိခင်ကို အားပေးခဲ့တာဖြစ်ပါတယ်။ဆရီနာဝီလျံဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ၆ ကြိမ်ရရှိထားပြီး နောက်ဆုံးရရှိခဲ့တာက ၂၀၁၄ က ဖြစ်ပါတယ်။

Source:DailMail