CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀

ပြင်သစ်နဲ့ အာဆင်နယ်အသင်းဂန္တဝင် အွန်နရီဟာ စီးရီးဘီကလပ် ကိုမိုအသင်းရဲ့ ရှယ်ယာရှင်အသစ်ဖြစ်လာ ခဲ့ပါတယ်။

ကိုမိုအသင်း စီအီးအိုနဲ့ ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဒန်းနစ်ဝှိုက်စ်က အွန်နရီကို မီဒီယာတွေနဲ့ မိတ်ဆက်ပေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အွန်နရီက “ဒါက ကျနော့်ဘဝရဲ့ အခန်းကဏ္ဍအသစ်ပါ။ ဒီနေရာက ဘောလုံးကို ချစ်မြတ်နိုးတယ်ဆိုတာ ကျနော်တို့သိပါတယ်။လူတွေက မြို့ကိုအလည်လာကြပါတယ်။ ပြင်သစ်နဲ့ စပိန်မှာရှိတဲ့လူတွေက ရေကန် ဒါမှမဟုတ် မြို့ရဲ့ အလှအပအကြောင်းကို ပြောနေပေမယ့် အခုအချိန်မှာတော့ ကလပ်အကြောင်းပြောဖို့ အချိန်ရောက်ပါပြီ”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အပျော်တမ်းကနေ အီတလီဒုတိယတန်းကို တန်းတက်လာခဲ့တဲ့ ကိုမိုအသင်းဟာ အခုလအစောပိုင်းက အွန်နရီရဲ့ အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်ကို ခေါ်ယူခဲ့တာပါ။အသက် ၃၅ နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်ကလည်း ကိုမို အသင်းရဲ့ ရှယ်ယာရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ကိုမိုအသင်းကို အင်ဒိုနီးရှားဆေးလိပ်ကုမ္ပဏီကြီး ဒီဂျာရမ်က ပိုင်ဆိုင်ပြီး စီးရီးအေမှာ ၂၀၀၃ ခုနှစ်က နောက်ဆုံးကစားခဲ့တာပါ။

ကိုမိုအသင်းဟာ ၂၀၁၆ မှာ ဒေဝါလီခံရပြီးနောက် စတုတ္တတန်းကနေ တန်းပြန်တက်လာကာ မနှစ်ကရာသီ စီးရီးဘီပြိုင်ပွဲမှာ အဆင့် ၁၃ နဲ့ ရာသီအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။အွန်နရီဟာ ကလပ်အသင်းမှာ ဘာရာထူးနဲ့ ရှိနေမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒန်းနစ်ဝှိုက်စ်က “သီယာရီက ရှယ်ယာရှင်တစ်ယောက် ဖြစ်ပြီး ဒါကိုပဲပြောဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။သူ့ရဲ့အတွေ့အကြုံတွေနဲ့ အတွေးအမြင်တွေကို ကျနော်တို့ နားလည်ပါတယ်”လို့ ပြောခဲ့တာပါ။

အသက် ၄၅ နှစ်အရွယ်ရှိ အွန်နရီဟာ ၂၀၁၅ မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံ လက်ရွေးစင်လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေပေမယ့် ကိုမိုအသင်းဆီ တတ်နိုင်သလောက် လာခဲ့မယ်လို့ ပြောထားပါတယ်။စီးရီးအေကို သွားရောက်နိုင်ဖို့က ကိုမိုအသင်းရဲ့ရေရှည်ပန်းတိုင်ဖြစ်ပြီး ကလပ် အသင်းဟာ တနင်္လာနေ့က ဝုလ်ဗ်စ်တိုက်စစ်မှူး ကူထရုန်းကို ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့တာပါ။

ကိုမိုအသင်းဟာ အခုနှစ်ရာသီ စီးရီးဘီပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးသရေကျကာ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။

Source:BBC