CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ အယ်လ်ဆာဗေးဒိုးမှာ ယာယီဘောလုံးကော်မတီတစ်ခုကို သြဂုတ်လ(၂၉) ရက်က ခန့်အပ်ထားရှိလိုက်ပါတယ်။

အယ်လ်ဆာဗေးဒိုးဘောလုံးအဖွဲ့ချုပ်ဟာ အစိုးရရဲ့တိုက်ခိုက်မှုတွေခံရတယ်လို့ စွပ်စွဲပြီးနောက် ဗဟိုအမေရိကမှာ တစ်လကြာယှဉ်ပြိုင်ကစားမှုတွေကို ရပ်ဆိုင်းခဲ့ရတာပါ။ဖီဖာဟာ အခုလအစောပိုင်းက ကော်မတီရဲ့ အစီအစဉ် တွေကို စတင်ကြေညာခဲ့ပြီး နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်ကိုယ်စား တစ်နှစ်အထိ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

“ကော်မတီဟာ သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို အပြည့်အဝတရားဝင်တာဝန်ယူထားပြီး ဒီလုပ်ငန်းတွေကို အပြည့် အဝအကောင်အထည်ဖော်ဆောင်ရွက်နေတယ်” လို့ ဒေသတွင်းဖီဖာကိုယ်စားလှယ် မာကိုလီရယ်လ်က သတင်း ထောက်တွေကို တနင်္လာနေ့က ပြောခဲ့တာပါ။ဒီကော်မတီဟာ အယ်လ်ဆာဗေးဒိုးဘောလုံးလောကရဲ့ အမြင့်ဆုံး အာဏာပိုင်ဖြစ်တယ်လို့လည်း သူက အတည်ပြုခဲ့ပါတယ်။

အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီရဲ့ အဖေတူအမေကွဲညီအစ်ကိုတော်စပ်သူ ဦးဆောင်တဲ့ နိုင်ငံရဲ့ အမျိုးသား အားကစားအဖွဲ့ခုံရုံးက စည်းမျဉ်းတွေကို လက်ရှိဥပဒေနဲ့အညီပြောင်းလဲပေးဖို့ ငြင်းဆန်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာရီလိုအပါအဝင် ခေါင်းဆောင် ၇ ဦးကို ယာယီရပ်ဆိုင်းခဲ့တာပါ။အဲဒီလိုဖြစ်ခဲ့တဲ့ ဇူလိုင်လလယ်ကစပြီး တင်းမာ မှုတွေဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာ အစိုးရရှေ့နေတွေဟာ ငွေကြေးခဝါချမှုသံသယကြောင့် အဖွဲ့ချုပ်ရုံးတွေနဲ့ ကာရီလိုရဲ့ အိမ်ကိုဝင်ရောက်စီးနင်းခဲ့တာပါ။

အစိုးရတာဝန်ရှိသူတွေက နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်နေရာမှာအစားထိုးဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်အဖွဲ့ချုပ်ကို ထည့်သွင်းဖို့ ကြိုးစားခဲ့သေးပါတယ်။ဒါပေမယ့် ဖီဖာက အယ်လ်ဆာဗေးဒိုးနိုင်ငံကို နိုင်ငံတကာဘောလုံးပြိုင်ပွဲ တွေကနေ လုံးဝရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် မလုပ်ဖြစ်ခဲ့တာပါ။ဖီဖာဟာ အငြင်းပွားမှုအခြေအနေ ကြောင့် လွန်ခဲ့တဲ့လက ရပ်ဆိုင်းခဲ့ရတဲ့ အဖွဲ့ချုပ်ဝန်ထမ်းတွေရဲ့ လစာပေးတာအပါအဝင် ဘောလုံးပွဲတွေကို အမြန်ဆုံးပြန်လည်စတင်ဖို့နဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ဖို့ ကြိုးပမ်းနေပါတယ်။

ဖီဖာဟာ ကော်မတီကို ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း ပြောထား ပေမယ့် အစိုးရက ကော်မတီခန့်အပ်မှုအပေါ် မှတ်ချက်ပေးခြင်း မရှိပါဘူး။

Source:ChannelNewsAsia