CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

RCSS စခန်းချထားသည့် နေရာသို့ PNLO တပ်ဖွဲ့ဝင်များ လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ထို့နောက် PNLO တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးစိုင်းခမ်းစံက “တိုက်ပွဲတော့ မဖြစ်ဘူးခင်ဗျ၊ PNLO က သူတို့က ကျနော်တို့ ဒီ RCSS စခန်းချတဲ့ နေရာကို သူတို့ လာချောင်း ပစ်တယ်ခင်ဗျ၊ ချောင်းပစ်ပြီးတော့မှ သူတို့ နောက်ပြန် ဆုတ်သွားတယ်၊ ဒါပေမဲ့ ကျနော်တို့က တုန့်ပြန်မှု မလုပ်ဘူးပေါ့နော်၊ တုန့်ပြန်ပစ်ခတ်မှု မလုပ်ဘူးခင်ဗျ၊ တိုက်ပွဲတော့ မဖြစ်ဘူးပေါ့နော်၊ မနေ့က နေ့လယ် လောက်မှာပါ ခင်ဗျ၊ အချိန်အတိ၊ နေရာ အတိအကျတော့ ကျနော်လည်း မြေပုံမကြည့်ရသေးဘူးခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ PNLO မှ တာဝန်ရှိ ပုဂ္ဂိုလ်များထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

PNLO မှ ကိုယ်စားလှယ်အဖွဲ့ နစကနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ရောက်ခဲ့စဉ်

ကဒူးကြီးဒေသတွင် PNLO ကို အခြေစိုက်ခွင့် ဦးသိန်းစိန်အစိုးရက ပေးခဲ့ပြီးနောက် RCSS နှင့် PNLO တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။

PNLO အနေဖြင့် အောက်ခြေတပ်သားများကို ထိန်းသိမ်းရန်နှင့် စစ်ရေးဖြင့် မဖြေရှင်းရန်၊ ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်းမှတဆင့် မေးမြန်းဖြေရှင်း သွားမည်ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

၎င်းက “ကျနော်တို့မှာ ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်း ရှိတယ်ခင်ဗျ၊ ကျနော်တို့ ပြန်မေးမှာပေါ့နော်၊ သူတို့ဆီကို ပြန်မေးမယ် ပစ်ရတဲ့ အကြောင်းအရင်းကို ပြန်မေးမယ်၊ ဖြေရှင်းမှာပေါ့၊ တခြားမှတ်ချက်တော့ မရှိဘူးခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲကြီးကြီးလည်း မဟုတ်ဘူး၊ တိုက်ပွဲလည်း မဟုတ်ဘူးဆိုတော့ ပစ်ခတ်ရတဲ့ အကြောင်းအရင်းကို ပြန်မေးမြန်းမယ်၊ ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်းလည်း ရှိတယ်၊ ဒါကြောင့် ကျနော်တို့ မေးမြန်းပြီးတော့ ဖြေရှင်းသွားမှာပေါ့နော်၊ အောက်ခြေဖက်ကို ထိန်းသိမ်းဖို့ နောက်စစ်ရေးနဲ့ မဖြေရှင်းဖို့ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

PNLO နဲ့ RCSS ကိုယ်စားလှယ်များ ပါသည့် အပစ်ရပ် ၇ ဖွဲ့ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းကလည်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် RCSS နှင့် PNLO တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။

PNLO နှင့် RCSS တို့သည့် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည်။

ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အဆင့်ဆင့်ကနေလည်း ဖြေရှင်းနိုင်ကြောင်း သိရသည်။

သို့သော် လတ်တလောတွင် JMC လုပ်ငန်းများမှာ ထိထိရောက်ရောက် လည်ပတ်နိုင်ခြင်း မရှိသေးပေ။