CNI International News

၂၀၂၄ ခုနှစ်၊ မေလ ၁၅

ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒုတိယအကြီးအကဲဖြစ်သူ မစ္စတာ ကိုမူရာ မာဆာဟီရို (KOMURA Masahiro) သည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီကျော်က ဖြစ်ပြီး KNU ဘက်က ဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်း၊ KNPP ဘက်က ဥက္ကဋ္ဌ ခူဦးရယ်တို့ တက်ရောက်ခဲ့သည်။ 

လွှတ်တော်ဆိုင်ရာ နိုင်ငံခြားရေးရာကော်မတီ ဒုတိယအကြီးအကဲဖြစ်သူ ကိုမူရာသည် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်ပြီး အမြင်များ ဖလှယ်ရန်အတွက် အထက်ပါ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ်ထိုးရာတွင် ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက အသိသက်သေအဖြစ် လက်မှတ်ထိုးနေစဉ်

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် များပြားသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများမှ တစ်ဆင့် ထွက်ပေါက်မရှိဘဲ ချောင်ပိတ်မိနေသည့် လက်ရှိအခြေအနေများကို အဖြေရှာရန်  အားထုတ်ကြိုးပမ်း မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မစ္စတာကိုမူရာက ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖွဲ့များ၏ ကိုယ်စားလှယ်များကလည်း ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများ ၏ အပြောင်းအလဲမရှိသည့် ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်းနှင့် မြန်မာ့အရေးကို ဖြေရှင်းရာတွင် ဂျပန်၏ အခန်းကဏ္ဍကို မျှော်လင့်ချက်များ ထားရှိသည့်အကြောင်း ပြောကြားခဲ့သည်။

အလားတူ နှစ်ဖက်စလုံးက ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေကို ငြိမ်ချမ်းစွာအဖြေရှာရန် ရှေးရှုပြီး တစ်ဖက်နှင့်တစ်ဖက် အနီးကပ် ဆက်သွယ်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အတည်ပြုခဲ့ကြ ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကူညီပံ့ပိုးပေးလျက်ရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကိုလည်း အသိသက်သေအဖြစ် လက်မှတ်ထိုးထားသော နိုင်ငံဖြစ် သည်။

ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါသည် AA နှင့် မြန်မာ့တပ်မတော်ကြား အပစ်အခတ်ရပ်စဲနိုင် အောင် ကြားဝင်စေ့စပ်ပေးခဲ့သလို ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ် လျက်ရှိသည်။

အလားတူ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ကိုလည်း ဂျပန်နီပွန်ဖောင်ဒေးရှင်းက ငြိမ်းချမ်းရေး အထိမ်းအမှတ် အနေဖြင့် တည်ဆောက်ပေးထားသည်။

Source: mofa.go.jp