CNI News

၂၀၂၄ ခုနှစ်၊ မေလ ၃၁

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA/PSLF)သည် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လို သည့်ဆန္ဒမရှိကြောင်း” တွေ့ရသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ နိုင်ငံရေး/စစ်ရေး ပြောင်းလဲမှုမြန်ဆန်သော အခြေအနေတွင် မိမိတို့ အနေဖြင့် နိုင်ငံရေး ရပ်တည်ချက် မပြောင်းမလဲဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံ ဖြေရှင်းရေးကို ပထမဦးစားပေး နည်းလမ်းအ ဖြစ် ကိုင်စွဲထားလျက်ရှိသည်ဟု SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ကြိုးစားလုပ်ဆောင်ရာတွင် မဟာမိတ် အချို့၏ လုပ်ဆောင်ချက်များကြောင့် မိမိတို့ SSPP/SSA အပေါ် လူထု အထင်အမြင်လွဲမှားစေရုံသာမက နိုင်ငံရေးဂုဏ်သိက္ခာနှင့် “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ”အား ထိခိုက်စေသည့် ဖြစ်စဉ်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်ကို မြင်နေရသည်ဟု SSPP က ပြောသည်။

SSPP ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

SSPP က “လတ်တလော အခြေအနေတွင် PSLF/TNLA နှင့် SSPP/SSA အကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖွဲ့အကြား တင်းမာမှုများ ဖြစ်ပေါ်နေပါသည်။ ၎င်းနယ်မြေ အငြင်းပွားမှု ပြဿနာနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဗဟိုအဆင့် ထိပ်သီး ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ာကပါသည်။ SSPP/SSA အနေဖြင့် ထိုဆွေးနွေးချက်ရလဒ်များအား အောက်ခြေတပ်များ လိုက်နာ ဆောင်ရွက်နိုင်ရန် အမိန့်ထုတ်ပြန် ချက်များ ထုတ်ပြန်ထားခဲ့ပြီးဖြစ်သော်လည်း PSLF/TNLA အနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုသည့် ဆန္ဒမရှိကြောင်း လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် PSLF/TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လေးယေဦး ဆိုသူ မှ Media များသို့ ပြောကြားချက်များအရ သိသာထင်ရှားနေပါသည်”ဟု ထုတ်ပြန် ပြောကြားထားသည်။

TNLA နှင့် SSPP တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းမှာ နယ်မြေအငြင်းပွားနေသလို အုပ်ချုပ်ရေးဆိုင်ရာလည်း အငြင်းပွားနေပြီး စစ်ရေးတင်းမာလျက်ရှိနေသည်။

ထို့နောက် TNLA က SSPP တပ်ဖွဲ့များကို ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက ကားများဖြင့် တင်ဆောင်၍ မူဆယ်ဘက်သို့ အတင်းရွေ့ပြောင်းခဲ့သည်။

FPNCC ကို တွေ့ရစဉ်

TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက “ဟုတ်တယ် ကျမတို့ လွန်ခဲ့တဲ့ ၂၆၊ ၂၇ ရက်နေ့ပေါ့ နော်၊ SSPP မဟာမိတ်တပ်ဖွဲ့ကို ကျမတို့က သူတို့ကို ကားနဲ့ခေါ်ဆောင်ပြီးတော့မှ သူတို့ရဲ့ မူရင်း လှုပ်ရှားရာ တပ်စခန်း မူဆယ်ဖက်မှာ သွားရောက်ပြီးတော့မှ ပို့ဆောင်တာ ဖြစ်တယ်၊ ဒီကိစ္စက ပြေပြေလည်လည်နဲ့ အဆင်ပြေပြီးသွားပါပြီ၊ လက်ရှိကတော့ အဓိက-ကတော့ ကျမတို့ ဒီလိုမျိုး ပို့ဆောင်ခြင်းက ကျမတို့ SSPP နဲ့ အစည်းအဝေးမှာ အကြိမ်ကြိမ် ဆွေးနွေးခဲ့တယ်ပေါ့နော်၊ အခု ကျမတို့ ဒီလိုလုပ်တာက ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တာဖြစ်တယ်” ဟု CNI သတင်းဌာနသို့ ပြော ကြားထားသည်။

ထိုသို့ မဟာမိတ်ကျင့်ဝတ်မဲ့စွာ နိုင်ငံရေး အသာစီးရလိုမှု၊ လူမျိုးရေး ခွဲခြားဆက်ဆံလိုမှု အခြေခံဖြင့် ခွင့်လွတ် သည်းခံနိုင်စွမ်းထက် ဘောင်ကျော်ကာ ပြုမူပြောဆိုသည့် လုပ်ရပ်မှန်သမျှသည် မလိုလားအပ်သည့် စစ်ရေး အရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာ ရောက်သည့်အတွက် မိမိတို့ SSPP/SSA က လုံးဝ(လုံးဝ) ကန့်ကွက် ရှုံ့ချ ကြောင်း SSPP က သတင်းထုတ်ပြန်ခဲ့သည်။

SSPP နှင့် TNLA သည် မဟာမိတ်များဖြစ်ပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များလည်းဖြစ်သည်။